ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့်အဖွဲ့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာတက္ကသိုလ် Center for the Constitutional Democracy (CCD) ၏ အမှုဆောင်ညွှန်ကြားရေးမှူး ပါမောက္ခမစ္စတာဒေးဗစ် ဝီလီယံနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ကိုယ်စား၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဦးလှမြင့်ဦးနှင့်အဖွဲ့သည်  အမေရိကန်ပြည်ထောင်စု  အင်ဒီယာနာ တက္ကသိုလ် Center for the Constitutional Democracy (CCD) ၏ အမှုဆောင် ညွှန်ကြားရေးမှူး ပါမောက္ခမစ္စတာဒေးဗစ် ဝီလီယံနှင့်အဖွဲ့အား ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ နံနက်  (၀၈း၄၅) နာရီအချိန်တွင်  ပြည်သူ့လွှတ်တော၊်လွှတ်တော်ရေး ရာဆောင် အဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းများ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ အင်ဒီယာနာ တက္ကသိုလ်နှင့် ဥပဒေဘာသာရပ် ပညာသင်များ လဲလှယ်စေလွှတ်မှုအစီအစဉ်၊ လွှတ်တော်များ၏ အရည်အသွေး မြင့်မားရေး အစီအစဉ်များ စသည့်ပညာရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှု အခြေအနေများကို ပွင့်လင်းစွာဆွေးနွေးပြီး အမြင်ချင်းဖလှယ် ခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခ မစ္စတာဒေးဗစ် ဝီလီယံနှင့် အဖွဲ့သည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေပုံကိုလည်း တက်ရောက်လေ့လာခဲ့ကြသည်။

မစ္စတာဒေးဗစ်ဝီလီယံသည် မြန်မာနိုင်ငံအကြောင်းစိတ်ဝင်စားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သဘောတရားများအပေါ် ပိုမိုနားလည်စေရေးနှင့် ငြိမ်းချမ်းရေး အတွက် နှစ်ကာလအတန်ကြာ ဆောင်ရွက်နေသူဖြစ်ကြောင်း သိရှိရသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသို့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါက်တာစိုးရင်၊ ဦးတင်မောင်ဝင်း၊ ဗိုလ်မှူးချုပ်တင့်ဆန်း၊ ဒေါ်ဒွဲဘူ၊ ဒေါက်တာစိုးမိုးအောင်နှင့် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးညီညီထွန်း၊ ဒေါ်အေးအေးမူ၊ ဦးအေးဟန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်

Standard (Image)