ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်ရန်အတွက်အလှူငွေ များပေးအပ်လှူဒါန်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် အလှူငွေ များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် က ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ အလှူဒါနခေါင်းစဉ်မှ လှူဒါန်းငွေ ကျပ်(၆၃)သိန်းနှင်‌့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၄၃၅)ဦး၏ နေ့တွက်စရိတ် တစ်ရက်စာ စုပေါင်းလှူဒါန်းငွေ ကျပ်(၈၇)သိန်း စုစုပေါင်း ကျပ်သိန်း (၁၅၀)အား ပေးအပ် လှူဒါန်းရာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က လက်ခံရယူသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က လက်ခံရယူသည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်

Standard (Image)