ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E.Mr.Daniel Zonshine အား ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး၊ မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အစ္စရေးနိုင်ငံမှ အကူအညီပေးနေသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ နှစ် (၇၀) ပြည့် မြန်မာ - အစ္စရေး နှစ်နိုင်ငံဆက်ဆံရေး အထိမ်းအမှတ် အတွက် ရုပ်ရှင်ပြသရေးအစီအစဉ် ဆောင်ရွက်နေမှုများနှင့် နှစ်နိုင်ငံလွှတ်တော်များ ချစ်ကြည်ရေးပိုမိုတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရေး ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်
