ဂျပန်နိုင်ငံ Trust Fund for Restoration and Maintenance of the Peace Bell မှ လှူဒါန်းသည့် ကုလသမဂ္ဂငြိမ်းချမ်းရေး ခေါင်းလောင်းပုံစံငယ်တစ်လုံးကို ပြည်သူ့လွှတ်တော်သို့ လွှဲပြောင်းလှူဒါန်း သည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးခေါင်းလောင်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဆိုပါ ကုလသမဂ္ဂ ငြိမ်းချမ်းရေးခေါင်းလောင်းသည် ဂျပန်နိုင်ငံသား Chiyoji Nakagawa ကငြိမ်ချမ်းရေးကို အမြဲအမှတ်ရနေစေရန် နိုင်ငံပေါင်း ၆၀ ကျော်မှ ဒင်္ဂါးများ၊ ကြေးတံဆိပ်များ၊ သတ္ထုများကို စုဆောင်း၍ ငြိမ်းချမ်းရေးခေါင်းလောင်း စတင်သွန်းလုပ်ခဲ့ပြီး အဆိုပါ ခေါင်းလောင်းတွင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲပါစေဟူသော ခန်းဂျီးစာလုံး (၈)လုံးကို ရေးထိုးထားကြောင်း ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ငြိမ်းချမ်းရေး ခေါင်းလောင်းကို လွှဲပြောင်းလက်ခံရယူခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကူးကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပြည်သူ့လွှတ်တော်ရုံးနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်
