ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E. Mr Nicholas Coppel အား ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ကော်မရှင် ဥက္ကဋ္ဌက သြစတြေးလျနိုင်ငံသည် မိတ်ကောင်း ဆွေကောင်း နိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင်လည်း များစွာ ကူညီပေးခဲ့ပါကြောင်း၊ ယနေ့ ကြုံတွေ့နေရသည့် ရခိုင်အရေး အပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပူးပေါင်း ပါဝင်လျက် ရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင်လည်း နည်းလမ်းမှန်ကန်စွာ ပါဝင်ဆောင်ရွက် သွားမည်ကို သိရှိရ၍ ဝမ်းမြောက်ပါကြောင်း ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ အထူးကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက် ကြသည်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်
