(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံဆိုင်ရာသတင်းစာရှင်းလင်းပွဲကျင်းပ

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာ သတင်းစာရှင်း လင်းပွဲကို ယနေ့မွန်းတည့်(၁၂)နာရီတွင် နေပြည်တော်ရှိဟိုတယ်ACE အင်းဝဆောင်၌ ကျင်းပရာ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းဦးဆောင်သည့် ကော်မတီ အဖွဲ့ခေါင်းဆောင်များ၊ AIPA အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာအီ ဆာရာဆွန်သွန်ဗက်တို့က သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ သိရှိလိုသည် များကို ပြန်လည် ရှင်းလင်းဖြေကြားသည်။

တောင်တရုတ်ပင်လယ်အရေးနှင့် စပ်လျဉ်း၍မေးခွန်းကို ဖြေကြားရာတွင် တောင်တရုတ် ပင်လယ်ကိစ္စရပ်ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ခြင်း မရှိပါကြောင်း၊ မြန်မာနိုင်ငံမှ တင်သွင်းသည့်အဆိုတွင် ပြည်တွင်း ၊ပြည်ပ စိန်ခေါ်မှုများ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ဒီမိုကရေစီကျင့်စဉ် များနှင့်အညီ ညီညွှတ်စွာ ဖြေရှင်းမည်ဟု ဆွေးနွေးခဲ့ပါကြောင်း၊ ဆွေးနွေး မှုတွင် အာဆီယံ၏ပင်လယ်ရေကြောင်း လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှု ကို နမူနာအနေဖြင့် ထည့်သွင်းဆွေးနွေးခဲ့သော်လည်း ထည့်သွင်း ဆုံးဖြတ်ရန်မလိုအပ်ဟု တက်ရောက်လာကြသူများက ယူဆသည့် အတွက် ဆုံးဖြတ်ချက်တွင် ပါဝင်ခြင်းမရှိပါကြောင်းဖြေကြား သည်။

ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားများအရေး မေးမြန်းမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှရှိ ရွှေ့ပြောင်းအလုပ်သမား များ၏အရေးကို ဆွေးနွေးခဲ့ပြီး သဘောတူညီမှုများလည်း ရရှိခဲ့ပါကြောင်း၊ အဆိုပါ သဘောတူညီမှုတွင် ရွှေ့ပြောင်း အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏အရေးကို အားလုံးက ကာကွယ်ပေးရန် တာဝန်ရှိ ပါကြောင်း၊ ထို့ပြင်လက်ခံထားသည့်နိုင်ငံ၊ ပို့ဆောင်ပေးသည့် မူရင်းနိုင်ငံ များအနေဖြင့် ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများအတွက် ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊လုပ်ခလစာနှင့်ပတ်သက်၍ တူညီသော အလုပ်အကိုင်များအတွက် မည်သူမဆို တူညီသော လုပ်ခလစာရရှိရေးကိုရှေ့ရှု ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ တွင် ပြဋ္ဌာန်းထားသည့် သဘောတူညီချက်များကိုလည်း အဖွဲ့ဝင်နိုင်ငံများ တွင် ဥပဒေ ပြဋ္ဌာန်းသွားရန် သဘောတူညီမှု ရရှိခဲ့ပါကြောင်းဖြေကြား သည်။

လွှတ်တော်၏ ဥပဒေပြုလုပ်ငန်းများနှင့်စပ်လျဉ်း၍ မေးခွန်းကို ညီလာခံ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာအီဆာရာဆွန်သွန်ဗွတ်က ဖြေကြားရာတွင် မြန်မာလွှတ်တော်၏ ဥပဒေပြုလုပ်ငန်းစဉ်များအပေါ်တွင် ယုံကြည်မှုအပြည့်အဝရှိပါကြောင်း၊ မူဝါဒများချမှတ် ဆောင်ရွက်နေမှုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးပမ်းအားထုတ်မှုများကို အားရ ကျေနပ်မိပါကြောင်း ဖြေကြားသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်

 

Standard (Image)