(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံ အောင်မြင်စွာကျင်းပပြီးစီး

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံ၏ ပိတ်ပွဲအခမ်းအနား ကို ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ ဟိုတယ်ACE၌ ကျင်းပရာ (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံ ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်း တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

ပိတ်ပွဲအခမ်းအနားတွင် (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အာဆီယံအသိုက်အဝန်းအတွက် အထူးအရေးပါသောကိစ္စရပ်များနှင့် မိမိတို့၏ အကျိုးစီးပွားများနှင့် ပတ်သက်ပြီးဆုံးဖြတ်ချက် (၃၀)ခန့် ချမှတ်နိုင်ခဲ့ပါကြောင်း၊ အာဆီ ယံဒေသတွင် ဆိုက်ဘာလုံခြုံရေး၊ ဇီကာဗိုင်းရပ်စ် ရောဂါပိုးအန္တရာယ် ကြိုတင်ကာကွယ်ကုသရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလုပ် အကိုင် အခွင့်အလမ်းများ နှင့် ကောင်းမွန်သည့် လုပ်ငန်းခွင်အခြေအနေ များ ဖန်တီးပေးခြင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ခိုင်မာလာစေရေးနှင့် လူမှုရေးကာကွယ် စောင့်ရှောက်မှု မြင့်မား လာစေရေးအတွက် အာဆီယံလူမှုကာကွယ်ရေး ကြေညာစာတမ်းပါ လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းစသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ပါကြောင်း။

အမျိုးသမီးပါလီမန် အမတ်များအဖွဲ့၏ လုပ်ထုံးလုပ်နည်းစည်းမျဉ်းများ ပြင်ဆင်ချက်အပေါ် ဆုံးဖြတ်ချက်မူကြမ်းကို စဉ်းစားဆွေးနွေးပြီး တညီတညွတ်တည်းချမှတ်နိုင်ခဲ့ပါကြောင်း၊ ထိုလုပ်ထုံး လုပ်နည်းများ စည်းမျဉ်းများသည် လွန်ခဲ့သည့် ၁၈နှစ်က ချမှတ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ်များ၊ ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို စွမ်းရည်မြှင့် ထိရောက် စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ရေးဆွဲရန်လည်းလိုအပ်လျက်ရှိပါကြောင်း။

ညီလာခံတွင် ပူးတွဲကြေညာချက် ကော်မတီ၊ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ ကော်မတီ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ကော်မတီတို့၏ ဥက္ကဋ္ဌများအဖြစ် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများကိုလည်း မှတ်တမ်းတင်ပါကြောင်း၊ လာအိုနိုင်ငံ လွမ်ပရာဘွမ် ပြည်နယ်တွင် ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံအဖွဲ့အစည်းအဝေးအစီရင်ခံစာကို ဤအထွေထွေ ညီလာခံက မှတ်တမ်းတင်ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် (၉)ကြိမ်မြောက် အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ လွှတ်တော်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ကို ကြိုဆိုပါကြောင်း။

တိုးတက်သောအာဆီယံ အသိုက်အဝန်းဖြစ်ရန် အာဆီယံပါလီမန်များ ညီလာခံ၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုကို ပိုမိုအလေးထား ဆောင်ရွက်သင့်ပါကြောင်း၊ အာဆီယံ မျှော်မှန်းချက် ၂၀၂၅ သို့ ဦးတည် ချီတက်ရာတွင် ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ် မှုအသစ်များကို ကျော်လွှားနိုင်ရန်အတွက် အာဆီယံပါလီမန်များ ညီလာခံအနေဖြင့် အာဆီယံအဖွဲ့ကြီးနှင့် နီးကပ်စွာလုပ်ကိုင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊နိုင်ငံတကာ ပါလီမန်များ သမဂ္ဂနှင့်အခြားသော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းသည် အာဆီယံပါလီမန်များညီလာခံ၏ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေး အတွက် များစွာ အရေးကြီးပါကြောင်း။

မိမိအနေဖြင့် အာဆီယံ နိုင်ငံများထဲတွင် ဒီမိုကရေစီသက်တမ်းအရှည်ကြာဆုံး ဖြစ်သည့် ဖိလစ်ပိုင်လွှတ်တော်သို့ အာဆီယံပါလီမန်များဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ခွင့် ရရှိသည့် အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အာဆီယံပါလီမန်များဥက္ကဋ္ဌ အဖြစ်တာဝန်ယူ ဆောင်ရွက်မည့် ဖိလစ်ပိုင် အောက်လွှတ်တော်ဥက္ကဋ္ဌ၏ ဦးဆောင်မှုအောက်၌ အာဆီယံပါလီမန်များ ညီလာခံသည် ဒေသတွင်းနှင့် နိုင်ငံတကာငြိမ်းချမ်းရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်နိုင်ပြီးအောင်မြင်မှုများ ဆက်လက် ရရှိမည်ဟုယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် အာဆီယံပါလီမန်များညီလာခံဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက (၃၈) ကြိမ် မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာအဲရစ်ဆင်းဆန်းထံ အာဆီယံ ပါလီမန်များ ညီလာခံဥက္ကဋ္ဌရာထူး၊ အဆောင်အယောင် ဖြစ်သည့်တူနှင့် AIPA အလံတို့ကို လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ဖိလစ်ပိုင်နိုင်ငံအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌမစ္စတာအဲရစ်ဆင်းဆန်းက အမှာစကားပြောကြားသည်။

(၃၈) ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံကို ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် ဂျော်ဂျီယာနှင့် ယူကရိန်းနိုင်ငံလွှတ်တော်များ၏ လေ့လာသူ အနေဖြင့် တက်ရာက်ရန် အဆိုပြုချက်ကိုဆွေးနွေး ဆုံးဖြတ်သွားမည် ဖြစ်ကြောင်းသိရ သည်။

အလားတူ(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံ၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် ဆက်လက်ကျင်းပရာ နိုင်ငံရေးရာ ကော်မတီ၊ စီးပွားရေးရာကော်မတီ၊ လူမှုရေးရာကော်မတီ၊ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး (WAIPA)၊ အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီနှင့် ဆက်စပ်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များကို ကော်မတီ အဖွဲ့ခေါင်းဆောင်များက ဖတ်ကြားအတည်ပြု ဆောင်ရွက်ကြသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်

 

Standard (Image)