ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ (၃၇) ကြိမ်မြောက်အာဆီယံ ပါလီမန်များ အထွေထွေညီလာခံ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် AIPA ညီလာခံသို့ တက်ရောက်လာသော ထိုင်းနိုင်ငံကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင်၊ သိပ္ပံ၊ နည်းပညာ၊ သတင်းအချက်အလက်နှင့် လူထုဆက်သွယ်ရေးကော် မတီဥက္ကဋ္ဌ Mr. Charlie CHANDRUAND နှင့်အဖွဲ့အား Hotel Royal ACE အင်းဝဆောင် အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့၏ စီးပွားရေးကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံလွှတ်တော်များအကြား ပိုမို ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် (ခ)ဦးထွန်းအောင်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမြဲတမ်းအတွင်းဝန် ဦးကျော်စိုးနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်
