ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ စင်္ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Robert Chua အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် စင်္ကာပူ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီပံ့ပိုးမှုများ၊ နှစ်နိုင်ငံ လွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်
