ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး H.E Mr.Hong Liang အား ယနေ့နံနက် ၉ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် တရုတ်သံအမတ်ကြီးမှ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးတို့အတွက် တရုတ်နိုင်ငံက အပြုသဘောဖြင့် မှန်ကန်စွာ ပူးပေါင်း ဆောင်ရွက်ပေးလျှက်ရှိနေပါကြောင်းဖြင့်ဆွေးနွေးခဲ့ပြီး၊ ကော်မရှင်ဥက္ကဋ္ဌက တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့အပေါ် ကောင်းစွာ အလေးထားသည်ကို သိရှိပါကြောင်း၊ မြန်မာနိုင်ငံအပေါ် မျှတစွာရပ်တည် ဆောင်ရွက်နေမှုကို အသိအမှတ်ပြုပါကြောင်း၊ ဒါ့အပြင် တရုတ်နိုင်ငံသည် ကမ္ဘာ့တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် ပါဝင်ဆောင်ရွက်နေမှုများကို လည်း တန်ဖိုးထား ပါကြောင်းဖြင့် ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲတွင် တရုတ်သံအမတ်ကြီးနဲ့အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအရာရှိများ လိုက်ပါလာကြပြီး၊ ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အတူ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုနိုင်၊ ဦးစံရွှေအောင်နှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက် ကြသည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်
