ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန(၂၃)ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဥက္ကဋ္ဌဒေါက်တာမေဝင်းမြင့်က အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက်ကော်မတီအတွင်းရေးမှူး ဦးဇုံးတိန့်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမပုံမှန် အစည်းအဝေးများတွင် ကတိဖြစ်ခဲ့သော မေးခွန်များ၊ အတည်ပြု ခဲ့သော အဆိုများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဝန်ကြီး ဌာနများအနေဖြင့် တိကျရှင်းလင်းစွာ ဆွေးနွေးတင်ပြပေးနိုင်ရေးနှင့် ပတ်သတ်၍ ဆွေးနွေးပြော ကြားခဲ့သည်။
ထို့နောက် ဝန်ကြီးဌာနများမှ ၎င်းတို့၏ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမပုံမှန် အစည်းအဝေးများတွင် ကတိဖြစ်ခဲ့သော မေးခွန်များ၊ အတည်ပြု ခဲ့သော အဆိုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ဝန်ကြီးဌာနများအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးကို ၂၃-၁၁-၂၀၁၇ ရက်နေ့ မွန်းလွဲ (၁၃း၀၀) နာရီတွင် ဆက်လက်ကျင်းပ သွားမည် ဖြစ်ကြောင်းသိရှိရသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန(၂၃)ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
နေပြည်တော်၊ နိုဝင်ဘာလ ၂၂ ရက်
