ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ မြန်မာလွှတ်တော်သို့ ကူညီထောက်ပံ့ပေးရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ လွှတ်တော်အရည်အသွေးမြှင့်တင်ရေး အကျိုးရလဒ် သုံးသပ်ရေးအဖွဲ့ အစည်းအဝေး (Output Board Meeting) ကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်ရှိ လွှတ်တော်သင်ကြားရေးဌာန၌ ယနေ့ နေ့လည် ၁၄း၀၀ နာရီတွင် ကျင်းပသည်။ အစည်းအဝေးသို့ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အဖွဲ့ဝင်များ၊ UNDP နှင့် IPU အပါအဝင် မိတ်ဖက်နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်ပအလှူရှင်များဖြစ်သည့် ဩစတြေးလျ၊ ဒိန်းမတ်၊ ဖင်လန်၊ ဆွီဒင်နှင့် ဗြိတိန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်အတွင်း UNDP ၏ ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ အကဲဖြတ်ဆန်းစစ်မှုများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
နေပြည်တော် နိုဝင်ဘာလ ၂၂ ရက်
