ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် ပဲခူးတိုင်း ဒေသကြီးလွှတ်တော်၊ စက်မှု၊ လျှပ်စစ်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီအဖွဲ့ဝင်များအား ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-8) ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်မှ ကော်မတီ ၏ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်း ပြောကြားကာ ပဲခူးတိုင်း ဒေသကြီး လွှတ်တော်၊ စက်မှု၊ လျှပ်စစ်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအဖွဲ့ဝင်များက လျှပ်စစ်ဓါတ်အားနှင့် ပတ်သက်သည့် စီမံကိန်းကိစ္စများ၊ စွမ်းအင် တူးဖော်မှုနှင့် သက်ဆိုင်သောကိစ္စရပ်များနှင့်စပ်လျဉ်း၍ မေးမြန်းမှုများကို ကော်မတီဥက္ကဋ္ဌမှ ရှင်းလင်း ပြောကြားပြီး ထပ်မံသိရှိလိုသည်များကို နှစ်ဖက်ကော်မတီဝင်များက ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်နှင့်အတူ အတွင်းရေးမှူး ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့်နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်
