ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Tadamori Oshima ၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီချိန်တွင် ဂျပန်နိုင်ငံအောက်လွှတ်တော်သို့ ရောက်ရှိကြရာ ဂျပန်နိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဌ H.E. Mr. Tadamori Oshima က ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်ရှိ အထူးဧည့်သည်တော်များခန်းမဆောင်၌ ဂျပန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ ဂျပန်-မြန်မာ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံဖွံ့ဖြိုးရေးကို ရှေးရှုသည့် ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေး၊ လွှတ်တော်၏ ဥပဒေပြုရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံ အောက်လွှတ်တော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ ဂျပန်နိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နံနက် ၁၀ နာရီ ၄၅ မိနစ်ချိန်တွင် ဂျပန်နိုင်ငံအထက်လွှတ်တော်ရှိ အထူးဧည့်သည်တော်များ ခန်းမဆောင်၌ ဂျပန်နိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. DATE Chuichi နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
၎င်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံအထက် လွှတ်တော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ ဂျပန်နိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ည ၆ နာရီခွဲချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂျပန်နိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Tadamori Oshima က လွှတ်တော်ဥက္ကဋ္ဌ အိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲ ၂ နာရီချိန်တွင် ဂျပန်နိုင်ငံစီးပွားရေး လုပ်ငန်းအသင်းချုပ် (Keidanren) သို့ ရောက်ရှိပြီး ဂျပန်-မြန်မာ စီးပွားရေးကော်မတီဥက္ကဋ္ဌ Mr. KOBAYASHI Ken နှင့် တွေ့ဆုံဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံပွဲများနှင့် ညစာစားပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးထွန်းထွန်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးသက်ဆွေ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
