ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဂျပန် အောက်လွှတ်တော် ကိုယ်စားလှယ်နှင့် ဂျပန်မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဖြစ်သူ Honourable Mr Kozo Yamamoto ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ပိုမိုချစ်ကြည် ရင်းနှီးရေးဆိုင်ရာ ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ယင်းနောက် Honourable Mr Kozo Yamamoto မှ ရခိုင်ဒေသတွင် ဖြစ်ပေါ်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များနှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများအား ပြင်းထန်စွာ ရှုတ်ချပါကြောင်း၊ မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ မရှိသည့် ကိစ္စရပ် ဖြစ်ပါကြောင်း၊ နစ်နာခဲ့သည့် မိသားစုဝင်များ အတွက်လည်း ဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါကြောင်း၊ အရပ်သား ပြည်သူများအား အကာအကွယ်ပေးရန်နှင့် ရခိုင်ဒေသ ပြန်လည် လုံခြုံမှု ရှိရေးအတွက် ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ပါကြောင်း၊ ရခိုင်ဒေသ အကြမ်းဖက် တိုက်ခိုက် ခံရမှုအတွက် ဂျပန်အစိုးရ အနေဖြင့် ပစ်တင်ရှုတ်ချကြောင်း ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးစံရွှေအောင်နှင့် ဦးကိုကိုနိုင်တို့ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်
