၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (International Day of Democracy 2017) အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွှန့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးအေးသာအောင်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ အဂတိတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ ကမ္ဘာ့ပါလီမန်များအဖွဲ့၊ ပါလီမန်များသမဂ္ဂ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ လွှတ်တော် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာ တို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းလျက်ရှိရာမှ မိမိတို့လွှတ်တော်အနေဖြင့် ဥပဒေပြုရေး အာဏာကို ကျင့်သုံးရပြီး ပြုပြင်ပြောင်းလဲရေး၏ အဓိကမဏ္ဍိုင်ဟု ဆိုနိုင်ပါကြောင်း၊ လွှတ်တော်များ စွမ်းရည်မြင့်မားပြီး အားကောင်းသည်နှင့်အမျှ ဒီမိုကရေစီစနစ်ကလည်း ခိုင်မြဲလာမှာဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များကလည်း မိမိတို့၏ စွမ်းရည်မြင့်မားအောင် အစဉ်ကြိုးစားနေကြရမှာ ဖြစ်ပါကြောင်း၊ ဥပဒေပြုလွှတ်တော် အားကောင်းမှသာ ဒီမိုကရေစီ အားကောင်းမည် ဖြစ်ပါကြောင်း။
ဒီမိုကရေစီစနစ် အားကောင်းအောင် ဆောင်ရွက်ရာတွင်လည်း ပြည်သူသည်သာ အခရာဖြစ်၍ ပြည်သူကိုဗဟိုပြုကာ မိမိတို့နိုင်ငံနှင့် အံဝင်ခွင်ကျမည့်၊ လက်တွေ့ဘဝနှင့် ကိုက်ညီမည့် ဒီမိုကရေစီစနစ်မျိုးကို ကျင့်သုံးသွားရမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် မတူကွဲပြားမှုတွေကို တွန်းအားအဖြစ် အသွင်ပြောင်းကာ စည်းလုံးညီညွတ်မှုအားဖြင့် မယုံကြည်မှုများ၊ သံသယများ၊ စိတ်ဝမ်းကွဲပြားမှုများကို ကျော်လွှားကြရမှာ ဖြစ်ပါကြောင်း။
လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများကလည်း မိမိတို့ဒေသအသီးသီးရှိ ပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို လွှတ်တော်တွင်မေးခွန်းများ၊ အဆိုများဖြင့် တင်ပြကြပြီး ပြည်သူများ၏ ဆန္ဒနှင့်ဘဝ ထပ်တူကျစေရန် လွှတ်တော်များအားလုံးက ကြိုးစားပေးကြရမှာ ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ၏ ဖြစ်စေချင်သော ဆန္ဒနှင့် မျှော်လင့်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် မိမိတို့အားလုံး စည်းလုံးညီညွတ်စွာဖြင့် ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း။
သို့မှသာ ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ကာ ပြည်သူများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ဘက်စုံကဏ္ဍများ အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားစေပြီး ပြည်သူများသည် ဒီမိုကရေစီလမ်းကြောင်းတွင် ပျော်ရွှင်စွာ ချီတက်နိုင်ကြမှာ ဖြစ်ပါကြောင်း။
ပြည်သူများ၏ဘဝ လုံခြုံစေရန် ဥပဒေ၏ အကာအကွယ်ကို ပြည်သူများတန်းတူ ရရှိစေနိုင်ရန် ဥပဒေ၏အထက်တွင် မည်သူမျှ မရှိနိုင်စေရန်အတွက် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီစေရန် ဥပဒေများကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းများကို ပွင့်လင်းမြင်သာစွာဖြင့် ရဲဝံ့ပြတ်သားစွာ ရေးဆွဲပြဋ္ဌာန်းကြရမှာက မိမိတို့လွှတ်တော်များ၏ တာဝန်ပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေးမည့် ဥပဒေများကို ပြည်သူများအတွက် ရေးဆွဲပြဋ္ဌာန်းနိုင်ရန် ဦးလည်မသုန် ကြိုးပမ်းကြရမှာ ဖြစ်ပါကြောင်း။
ပြောင်းလဲချိန်တန်ပြီမှ အစပြုကာ ပြည်သူလူထု၏ မှန်ကန်သော ရွေးချယ်မှုဖြင့် ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့ပြီဖြစ်ရာ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီသည့် စိတ်ဓာတ်များ မွေးမြူနိုင်မှသာ ဒီမိုကရေစီစနစ်ရှင်သန် ဖွံ့ဖြိုးနိုင်မှာ ဖြစ်ပါကြောင်း။
ဒီမိုကရေစီစနစ်ဆိုသည်မှာ မိမိကိုယ်တိုင် ကျင့်သုံးမှသာ ရရှိသည်ဖြစ်၍ မျိုးဆက်သစ်လူငယ်များသည် လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း၊ တရားဥပဒေ စိုးမိုးခြင်း၊ ကျား/မ တန်းတူညီမျှခြင်းစသော ဒီမိုကရေစီ၏ အခြေခံမှုများကို လိုက်နာကျင့်ကြံ နေထိုင်ခြင်းသည် အနာဂတ်တွင် ဒီမိုကရေစီစနစ်ကို ပိုမိုရှင်သန်ဖွံ့ဖြိုးစေရန် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီအခြေခံမူများကို ပြည်သူများအားလုံး လိုက်နာကျင့်သုံးခြင်းဖြင့် ဒီမိုကရေစီကို ပူးပေါင်းကာကွယ်ကြရမှာ ဖြစ်ပါကြောင်း၊ သို့မှသာ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးခိုင်မြဲမှာဖြစ်ပြီး ပြည်သူများအတွက် ပို၍အားကောင်းသော ဒီမိုကရေစီစနစ်ကို ဖြစ်ပေါ်စေမှာ ဖြစ်ပါကြောင်း။
ယနေ့ကျရောက်သော ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့သည် ထူးခြားမွန်မြတ်သည့် နေ့တစ်နေ့လို့လည်း ဆိုနိုင်ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို စတင် သတ်မှတ်ထားသည်မှ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါကြောင်း၊ ထို့အပြင် IPU အဖွဲ့ဝင်များက ဒီမိုကရေစီဆိုင်ရာ ကမ္ဘာ့ကြေညာစာတမ်း အတည်ပြုခဲ့သည့် နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါကြောင်း၊ ထူးခြားတိုက်ဆိုင်လွန်းသည့် ယနေ့တွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဒီမိုကရေစီပန်းတိုင်သို့ အရောက် လှမ်းကြရာတွင် အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အစဉ်အမြဲ ဦးထိပ်ထား ဆောင်ရွက်ကြဖို့ အလေးအနက် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် သဝဏ်လွှာကို ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်မေဝင်းမြင့် က လည်းကောင်း၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်မှ Ms. Renata Nicola Lok – Dessallien က လည်းကောင်း ဖတ်ကြားကြသည်။
ထို့နောက် စာတမ်းများ ဖတ်ကြားခြင်း အစီအစဉ်များကို ဆက်လက်ကျင်းပရာ ကျောင်းသားလူငယ်များ၏ စာတမ်း၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ ကိုယ်စားပြု စာတမ်း၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၏ စာတမ်း၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၏ စာတမ်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ စာတမ်း၊ “ဝ” ဒီမိုကရက်တစ် ပါတီ၏စာတမ်း၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ၏ စာတမ်း၊ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ၏ စာတမ်း၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၏ စာတမ်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၏ စာတမ်း၊ တအာင်း (ပလောင်) အမျိုးသားပါတီ၏ စာတမ်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ စာတမ်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စာတမ်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စာတမ်းတို့ကို ကိုယ်စားလှယ်များက ဖတ်ကြားကြသည်။
ယင်းနောက် အခြေခံပညာအဆင့် လွှတ်တော်ရေးရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးအေးသာအောင် က ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အခြေခံပညာအဆင့် လွှတ်တော်ရေးရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမဆု ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူ များအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က ဂုဏ်ပြုဆုများကို လည်းကောင်း၊ ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရွှေသံလွှင်မီဒီယာ ကုမ္ပဏီလီမိတက်နှင့် ရုပ်ရှင်သရုပ်ဆောင်တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာ များကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က အမှာစကား ပြောကြားရာတွင် -
ဒီနေ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းကာကွယ်စို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဒီနေ့ ဒီအချိန်အခါ ဒီနေရာမှာ စကားပြောခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ ကျွန်တော်တို့ရဲ့ အမျိုးသားအာဇာနည် ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း က နဂိုတည်းကိုက မိန့်မှာခဲ့တာရှိပါတယ် -
“ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဒီဝါဒကို ရည်ရွယ်ရမယ်”လို့ အတိအလင်း မိန့်ကြားခဲ့ပါတယ်။
ဒီ ဒီမိုကရေစီဝါဒဟာလည်း အာဇာနည်ခေါင်းဆောင်ကြီးများ၊ မျိုးချစ်ပုဂ္ဂိုလ်ကြီးများက နောင်လာနောက်သား ကောင်းစားဖို့အရေး မိမိတို့ကိုယ်ကျိုး လုံးလုံးမပါဘဲနဲ့ ဒီလိုအသိစိတ်ဓာတ်နဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့၊ အခက်အခဲ အကျပ်အတည်းကနေပြီးတော့ ရယူပေးခဲ့တဲ့ အဖိုးထိုက်တန်တဲ့ အမွေအနှစ်တစ်ခု ဖြစ်ပါတယ်။ ဘာဖြစ်လို့ ကျွန်တော်က အဖိုးထိုက်တန်တဲ့ အမွေအနှစ်လည်းလို့ ပြောလို့ရှိရင် ဒီမိုကရေစီဝါဒမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ လောကပါလ တရားများပါရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီဝါဒဟာ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူ နိုင်ငံသားများ ကြွယ်ဝချမ်းသာရေးကိုလည်း ဦးတည်စေပါတယ်။ ဒါ့အပြင် ဒီမိုကရေစီဝါဒမှာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အသက်ရှင်ပိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့် ဝမ်းမြောက်ပျော်ရွှင်ခွင့်တို့ပါ အာမခံချက်တွေ ပေးရပါတယ်။
ထို့အတူပဲ နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ မိမိတို့ရဲ့ ကာယဉာဏ လုပ်အား၊ စွမ်းအားအလိုက် အခြေအနေသာတူညီမျှမှု၊ အခွင့်အလမ်းသာတူညီမျှမှု၊ တရားဥပဒေအရာမှာ ညီမျှမှု၊ စီးပွားရေး အလုပ်အကိုင်အရာမှာညီမျှမှု ဒါတွေဟာလည်း ဒီမိုကရေစီရဲ့ တန်ဖိုးတွေ ဖြစ်ပါတယ်။ အရေးအကြီးဆုံးတန်ဖိုးကတော့ ဘာလဲလို့ ပြောလို့ရှိရင် ကျွန်တော်တို့ ဂျာမန်အကျော်ဒေးယျ ဒဿနပညာရှင်ကြီး အီမာနူးကန့် ပြောခဲ့တာရှိပါတယ်။
“ဒီမိုကရေစီနိုင်ငံအချင်းချင်း ဘယ်တော့မှ စစ်မခင်းဘူး”လို့ ပြောခဲ့ပါတယ်။ ထို့အတူပဲ အဲ့ဒီ ပုဂ္ဂိုလ်ကြီးကပဲ “ကမ္ဘာ့ နိုင်ငံအားလုံး ဒီမိုကရေစီ သာဖြစ်ကြမယ်ဆိုရင် ထာဝရငြိမ်းချမ်းတဲ့ ခေတ်ကြီးတစ်ခုကို တည်ထောင်နိုင်လိမ့်မယ်” လို့ ဒီလိုလည်း မိန့်မှာခဲ့ပါတယ်။
ဒါကြောင့်မို့ ဒီမိုကရေစီဟာ အဖိုးအနဂ္ဂဃ ထိုက်တန်လှပါတယ်။ သို့သော်လည်း ကျွန်တော်တို့ နိုင်ငံရဲ့ ကံမကောင်း အကြောင်းမလှတဲ့ အခြေအနေတွေကြောင့် ရာစုနှစ် ထက်ဝက်ကျော် အာဏာရှင်စနစ်အောက်မှာ နေခဲ့ကြရပါတယ်။ အဲ့ဒီလို နေခဲ့ကြတဲ့အခါမှာ ဒီမိုကရေစီ အခွင့်အရေးတွေ ဆိတ်သုဉ်းသလို လူ့အခွင့်အရေးတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ လူတွေကို မျက်စိတွေမှိတ်၊ နားတွေ ပိတ်ခိုင်းခဲ့ပါတယ်။ လူတွေကို ထားရာနေ စေရာသွား စက်ရုပ်နဲ့မခြား ပြုမူခဲ့ပါတယ်။ နိုင်လိုမင်းထက်ပြုမှု၊ အာဏာပြမှု ကျွန်တော်တို့ ခါးသီးတဲ့ အတွေ့အကြုံကို ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံး ဒဏ်ရာတွေနဲ့ ခံစားခဲ့ရပါတယ်။
ဒါကြောင့်မို့လို့လည်း ၁၉၈၈ ခုနှစ်ကစပြီး ရဟန်းရှင်လူ၊ ပြည်သူ၊ ကျောင်းသား၊ ကျောင်းသူ အားလုံးက မိမိတို့ရဲ့ဘဝ၊ မိမိတို့ရဲ့ အသက်သွေး၊ ချွေးတွေပေးပြီးတော့ ဒီမိုကရေစီရေး အတွက် အစဉ်တစိုက် ရုန်းကန်လှုပ်ရှား ခဲ့ကြပါတယ်။ အဲ့ဒီလို ရုန်းကန်လှုပ်ရှားရင်းနဲ့ ဒီနေ့ဒီအချိန်အခါမှာ ဒီမိုကရေစီ လမ်းမပေါ်ကို ကျွန်တော်တို့တွေ ခြေချခါစပဲရှိပါသေးတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလမှာ ပျံသန်းခါစပဲ ရှိပါသေးတယ်။ ဒီလို ဒီမိုကရေစီလမ်းမပေါ်မှာ ခြေချခါစဆိုတဲ့ အခြေအနေ အချိန်အခါဟာ အင်မတန်မှ လမ်းလျှောက်တတ်ခါစ ကလေးလို ပြိုလဲမသွားအောင် လဲပြိုမကျသွားအောင် ဟန်ချက်ညီညီနဲ့ သတိတရား ဆင်ခြင်ပြီးတော့ ထိန်းသိမ်းရပါမယ်။ နောက်တစ်ခုက ဒီမိုကရေစီ ပျံသန်းခါစကာလမှာ နိုင်ငံရေးရာသီဥတု၊ Political Atmosphere နိုင်ငံရေးဖိအား၊ နိုင်ငံရေးပတ်ဝန်းကျင် အခြေအနေ ကာလ၊ ဒေသ၊ ပယောဂ အဲ့ဒါတွေ အကုန်လုံး ထည့်တွက်ပြီးတော့မှ ဆောင်ရွက်ရတာ ရှိပါတယ်။ အဲ့ဒီလို လုပ်ကိုင်တဲ့အခါမှာ ကျွန်တော်တို့တွေဟာ ဒီမိုကရေစီကို ရှင်သန်လိုတယ်။ စုပေါင်းကာကွယ်လိုတယ်ဆိုရင်၊ ဥပဒေကို လေးစားရမှာဖြစ်သလို သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းကိုလည်း လိုက်နာရမှာဖြစ်ပါတယ်။
ထို့အတူပဲ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွတ်ခြင်းဆိုတဲ့ ဒီမိုကရေစီ ကျင့်စဉ်တွေကိုလည်း လေ့ကျင့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မျှတတဲ့ သဘောထား တွေကိုလည်း အခြေခံဖို့လိုပါတယ်။ ဒီမိုကရေစီကျင့်စဉ်မှာ အပေးအယူ၊ စေ့စပ်ညှိနှိုင်းခြင်း၊ ညှိနှိုင်းဆွေးနွေး ဖြေရှင်းခြင်းဆိုတာ အင်မတန်မှ အနှစ်သာရ ရှိပါတယ်။ ဒါဟာ ဒီမိုကရေစီရှင်သန်ဖို့ဆိုရင် လိုအပ်တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာလည်း ကျွန်တော်တို့က အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အားပေးရမှာဖြစ်သလို စာနယ်ဇင်း ကျင့်ဝတ်၊ မီဒီယာဥပဒေတွေနဲ့အညီ မီဒီယာတွေရဲ့ အခန်းကဏ္ဍကိုလည်း ကျွန်တော်တို့ လိုလိုလားလား ဖွံ့ဖြိုးတိုးတက်အောင် အားပေးရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ ဒီမိုကရေစီကျင့်စဉ်မှာ ဒီမိုကရေစီစနစ်မှာ အင်မတန်မှ အရေးကြီးတဲ့ Institution တွေပဲဖြစ်ပါတယ်။
အဲ့ဒီတော့ အစိုးရဆိုတာ ဒီမိုကရေစီနိုင်ငံမှာ ဘာလဲလို့မေးရင် ဒီမိုကရေစီနိုင်ငံမှာ အစိုးရဆိုတာ အခြားနိုင်ငံရေးပါတီများ၊ အခြားအရပ်ဘက် အဖွဲ့အစည်းများ၊ အခြားအသင်းအဖွဲ့များ၊ မီဒီယာများ စသည် စသည်တို့နှင့် အတူယှဉ်တွဲနေတဲ့ လူမှုအသိုင်းအဝိုင်းထဲက အခြေခံကျတဲ့ အဖွဲ့တစ်ခုသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုနက အခြားနိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အခြားအသင်းအဖွဲ့များကလည်း ဒီမိုကရေစီရှင်သန် ခိုင်မြဲအောင် ဝိုင်းဝန်းကြပ်မတ် ထိန်းညှိပေးကြရမယ့် တာဝန်လည်း ရှိပါတယ်။ အဲ့ဒီလို လုပ်ကြမယ်ဆိုရင် ကျွန်တော်တို့ ဒီနေ့ဆောင်ပုဒ်ဖြစ်တဲ့ “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းကာကွယ်စို့” ဆိုတဲ့ ဆောင်ပုဒ်က အကောင်အထည် ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့အားလုံး တစ်ခုသတိထားဖို့လည်း လိုပါတယ်။ ဘာလဲလို့ဆိုတဲ့ အခါကျတော့ ဒီမိုကရေစီရဲ့ အတုအယောင်တွေကိုလည်း ဂရုပြုကြရမှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အာဏာရှင်စနစ် ကျင့်သုံးခဲ့ပေမယ့် ဒီနေ့ ဒီမိုကရေစီနေ့ ခေတ်စားလာတဲ့ အခါကျတော့ ပြည်သူလူထုကြားထဲမှာ ဝင်ဆံ့မှု ကျွန်တော်တို့လည်း ဒီမိုကရေစီပါ၊ ကျွန်မတို့လည် ဒီမိုကရေစီပါ၊ အဲ့ဒီအတုအယောင်တွေကို အားလုံးသတိပြုရမယ်။ ဒါဟာ ၁၉၄၇ ခုနှစ် ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမှာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဘယ်လိုမိန့်ကြားခဲ့လဲဆိုတော့ “ဒီမိုကရေစီတိုင်း ဒီမိုကရေစီတာ မဟုတ်ဘူး။ ဒီမိုကရေစီ ခေတ်စားလာတဲ့အခါမို့ ရောယောင် အသံဖမ်း ပြောကြတာတွေလည်း အများကြီးပဲ” တဲ့။ အဲ့ဒါကို ကျွန်တော်တို့ အထူးသတိချပ်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီမိုကရေစီ အန္တရာယ်များကိုလည်း ကျွန်တော်တို့ မျက်ခြေမပျက် ဂရုစိုက်ဖို့ လိုပါတယ်။ ဒီမိုကရေစီရဲ့ အန္တရာယ်များက ဘာတွေလဲလို့မေးလို့ရှိရင် ဒီမိုကရေစီ မလိုလားသူများ၊ ဒီမိုကရေစီကို လိုလားသော်လည်း မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ထိုးဖောက်လိုသော် ဒီမိုကရေစီ ကဖျက်ယဖျက်သမားများ၊ နောက်တစ်ခုက ဒီမိုကရေစီကို မယုံကြည်သူများ၊ ဒီမိုကရေစီကို ယုံကြည်သော်လည်း ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အားမလိုအားမရ ဖြစ်ပြီးတော့ ကိုယ်သဘောနဲ့ ကိုယ်လုပ်ချင်ရာ လုပ်တဲ့အခါမှာ အာဏာရှင်စနစ်ဆီကို ပြန်ပြီး အသက်သွင်းပေးသလို ဖြစ်သွားသူများ၊ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးစားလုပ်သူများ၊ နောက်တစ်မျိုးက ဒီမိုကရေစီကျင့်စဉ်အရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ ပြည်သူ့အာဏာကိုရယူဖို့ မကြိုးစားဘဲရရာ နည်းလမ်းနဲ့ ပြည်သူ့အာဏာကို ရယူရန်ကြိုးစားသူများ၊ ဒါဟာဒီမိုကရေစီရဲ့ အန္တရာယ်များ ဖြစ်ပါတယ်။ ဒီအန္တရာယ်တွေကို ကျွန်တော်တို့က အထူးအလေးအနက်ထား သတိပြုဖို့ လိုပါတယ်။ ဒီလိုသတိပြုနိုင်မှသာလျှင် “ဒီမိုကရေစီရှင်သန်ဖို့၊ ပူးပေါင်းကာကွယ်စို့ ” ဆိုတာဟာ ရုပ်လုံးပေါ်လာမှာ ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ကျွန်တော် ပြောချင်တာကတော့ “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းကာကွယ်ကြပါစို့” ဆိုရင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအတွက် အနှောက်အယှက်များကို ပြည်သူလူထုအားဖြင့် စုပေါင်းဖယ်ရှားပေးကြပါ။ ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖယ်သွားနိုင်အောင် ရပ်ရွာအေးချမ်းသာယာရေးကို ပျက်ပြားစေတဲ့ လှုံ့ဆော်မှုများကို ဝိုင်းဝန်း ကာကွယ်ပေးကြပါ။ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်မှုတွေကို အဟန့်အတား ဖြစ်စေတဲ့ တရားဥပဒေစိုးမိုးရေး ကင်းမဲ့အောင် ဆောင်ရွက်မှုများကို ဝိုင်းဝန်းတားဆီးပေးကြပါလို့ နိဂုံးချုပ် ပြောကြားသည်။
ထို့နောက် အနုပညာဦးစီးဌာန ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ခဲ့ကြသူများအား ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုငွေ ချီးမြှင့်ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ဒီမိုကရေစီ ပွဲတော်တွင် ပြသမည့် နေခြည်မှာရွှေရည်လောင်း ရုပ်ရှင် ဇာတ်ကားအား ပြသသည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆောင်ပုဒ်မှာ “ဒီမိုကရေစီ ရှင်သန်ဖို့ ပူးပေါင်းကာကွယ်စို့” (In Defence of Democracy) ဆိုသည့် ဆောင်ပုဒ် ဖြစ်သည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်
