ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Lok-Dessallien အား ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖ့ွံဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်အရေးနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ မှန်ကန်စွာ နားလည်သိမြင်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရခိုင်ဒေသ တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ဒေသတွင် အုပ်ချုပ်ရေးအာဏာစက် သက်ရောက်ရေးဆိုင်ရာ ကိစ္စရပ်များ စသည်တို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးစံရွှေအောင် နှင့် ကေ်ာမရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်
