ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. Roland Kobia အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အီးယူ - မြန်မာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ယခုထက် ပိုမိုမြှင့်တင်နိုင်ရေး၊ ဥရောပပါလီမန်နှင့် မြန်မာနိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရေး၊ ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဆက်လက်ကူညီ ပံ့ပိုး ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်
