ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် ဇနီး တို့သည် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun နှင့် ဇနီး ဦးဆောင်သော ကိုရီးယား လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ည ၇ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ ထမင်းစားခန်းမဆောင်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။ ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့သည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုတိုးတက် ခိုင်မြဲရေးနှင့် လွှတ်တော်နှစ်ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့အပေါ် အပြန်အလှန် ဆုတောင်းမင်္ဂလာစကား ပြောကြားကြပြီး အတူတကွညစာသုံးဆောင်ကြသည်။ဂုဏ်ပြုညစာသုံးဆောင်နေစဉ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင် များက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှအနုပညာရှင်များအား ပန်းခြင်း ပေးအပ်ကြသည်။အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများလည်း တက်ရောက် ခဲ့သည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်
