ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင်ဧည့်ခန်းမ၌ ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံသည်။တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးသိန်းထွန်း၊ ဦးလှထွန်းအောင်၊ ဒေါက်တာအေဇင်လတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးဧည့်သည်တော်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာကိုရီးယားသမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြသည်။ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လွှတ်တော်၏ ဥပဒေပြုရေးနှင့် လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာအတွေ့အကြုံများ မျှဝေပေးနိုင်ရေး၊ နည်းပညာများကူညီပံ့ပိုးပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyunတို့သည် အဖွဲ့ဝင်များနှင့်အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော်၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
၂၀၁၇ခုနှစ်၊ သြဂုတ်လ ၁၀ ရက်
