ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ရှန်ဟိုင်းမြို့၊ အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ Mrs. Zhong Yanqun နှင့် တွေ့ဆုံဆွေးနွေး

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ရှန်ဟိုင်းမြို့၊ အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ Mrs. Zhong Yanqun နှင့် စက်တင်ဘာလ ၅ ရက်နေ့ ဒေသစံတော်ချိန် ၁၂၀၀ နာရီချိန်တွင် ရှန်ဟိုင်းမြို့၊ People’s Mansion ၌ တွေ့ဆုံဆွေးနွေးသည်။

          တွေ့ဆုံစဉ် တရုတ်- မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ လွှတ်တော်ရေးရာ ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော မန်းညွန့်သိန်း၊ ဦးသန်းညွန့်၊ ဦးခွန်သန်းထူး၊ ဒေါ်ဝင့်ဝါထွန်း၊ ဦးတင်နု (ခ) ဦးတင်နုအောင်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

          တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ရှန်ဟိုင်းမြို့၊ အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mrs. Zhong Yanqun  က နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

          ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ၁၄၀၀ နာရီချိန်တွင် Pudong New District သို့ရောက်ရှိပြီး လွတ်လပ်သော ကုန်သွယ်ရေးရုံး အတွင်း လှည့်လည်ကြည့်ရှု လေ့လာသည်။ ယင်းနောက် စီမံခန့်ခွဲရေး ကော်မတီမှ သက်ဆိုင်ရာ တာဝန်ခံများနှင့် တွေ့ဆုံ ဆွေးနွေးသည်။

          ၁၀၅၀ နာရီချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာ လွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်း မြို့ပြစီမံကိန်းပြတိုက် (Shanghai Urban Planning Exhibition Center) သို့ ရောက်ရှိရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသသည်။

          ၁၇၃၀ နာရီချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာ လွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် The Oriental Pearl TV and Radio Tower သို့ ရောက်ရှိရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသခဲ့သည်။

          ယင်းနောက် ၁၉၀၀ နာရီချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော  မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် Oriental Pearl ဆိပ်ခံတံတားသို့ ရောက်ရှိကာ ဟွမ်ဖူမြစ် (Huang Pu Jiang) အား သင်္ဘောစီး၍ လေ့လာကြည့်ရှုကြသည်။

၂၀၁၇ ခုနှစ်၊ စင်တင်ဘာလ ၅ ရက်


 

Standard (Image)