ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း(UNESCO) မှ နိုင်ငံတကာဥပဒေရေးရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူMr Etienne Clement အားယနေ့နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိလွှတ်တော်ရေးရာဆောင် အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိယဉ်ကျေးမှုနှင့် ရှေးဟောင်းဆိုင်ရာဥပဒေများအားကောင်းမွန်ပြည့်စုံမှု ရှိပါကြောင်း၊ ဥပဒေများအားအကောင်အထည်ဖော်ရာတွင် ထိရောက် အောင်မြင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ပြည်သူများနှင့် နိုင်ငံတကာခရီးသွားဧည့်သည်များအနေဖြင့် ဥပဒေများပြဌာန်းချက်များကိုနားလည်သဘောပေါက်ရန် လိုအပ်ပါကြောင်း၊ နှစ်ပေါင်း ၁၀၀ ကျော်သည့် ပစ္စည်းများအားရှေးဟောင်းပစ္စည်းအဖြစ် သတ်မှတ်သည်ကိုလည်းသိရှိကြရန်လိုအပ်ပါကြောင်း၊ ရှေးဟောင်းပစ္စည်းဖြစ်ပါက နိုင်ငံတော်မှပိုင်ဆိုင်ပြီးလွဲပြောင်းခြင်း၊ ရောင်းချခြင်းဆိုင်ရာကိစ္စရပ်များပြုလုပ်ပါကသက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ရရှိမှသာဆောင်ရွက်နိုင်သည်ကိုသိရှိရန်လိုအပ်ပါကြောင်း၊ ဥပဒေများအားအကောင်အထည်ဖော်ရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် ရန်လွန်စွာအရေးကြီးပါကြောင်းစသည်ဖြင့် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် နွေးကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ကေ်ာမရှင်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
၂၀၁၇ခုနှစ်၊ သြဂုတ်လ၁၀ရက်
