ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ၂၀၁၆-၁၇ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

   ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ၂၀၁၆-၁၇ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဖြူးမြို့နယ် မြို့နယ်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြားသည်။

   ရှေးဦးစွာ ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နှစ်စဉ်ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပသည့်အခါတွင် မြို့မိမြို့ဖများ၊ နယ်သူနယ်သားများကလည်း ဒီကာလကို မျှော်လင့်နေမည်ဟု မိမိအနေဖြင့် မှတ်ယူပါကြောင်း၊ ဖြူးမြို့နယ် အောင်ချက်ကို လေ့လာသည့်အခါတွင် ၅၀ ရာခိုင်နှုန်းခန့်သည် အပြင်ဖြေများဖြစ်ပါကြောင်း၊ အောင်ချက် မြင့်မားရေးသာမက ပညာရေးနယ်ပယ်တွင် လိုအပ်သည့် ကိစ္စတစ်ခုကို ဖြည့်ဆည်းပေးနေသည့် ကိစ္စတစ်ခုဖြစ်၍ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ဆရာများနှင့် သက်ဆိုင်ရာ ဆရာ/ဆရာမများကို ဂုဏ်ပြုစကား ပြောကြားလိုပါကြောင်း။

   ပညာရေးစနစ် ပြောင်းလဲခြင်းသည် ကောင်းသော ကိစ္စတစ်ခုဖြစ်ပါကြောင်း၊ ပညာရေး စနစ်များ မည်သို့ပင် ပြောင်းလဲသော်လည်း ပညာရေးတွင် အဓိက အရေးကြီးဆုံးမှာ ကျောင်းသား၊ မိဘနှင့် ဆရာများဖြစ်ကြောင်း၊ ကျောင်းသားက ကျောင်းသွား၍ ဆရာက ကျောင်းသို့ ရောက်ရှိလာသော ကျောင်းသားများကို တတ်အောင်သင်ပြီး မိဘက ကျောင်းသို့ လွှတ်လိုက်သော ကျောင်းသားက ကျောင်းတွင် ဘာတွေသင်ကြားနေသည်၊ သင်ခန်းစာများကို ဘယ်လောက်နားလည် သဘောပေါက်သည် ဆိုသည်ကို လေ့လာ အကဲခတ် ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကျောင်းသား၊ ဆရာ၊ မိဘ ဟန်ချက်ညီမှသာ ထိုကျောင်းသားသည် ပညာတတ်၍ အနာဂတ်လှပမည်ဖြစ်ကြောင်း ပြောကြားသည်။

   ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းညွန့်တို့က အမှာစကား ပြောကြားသည်။

   ယင်းနောက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသည့် ကျောင်းသား၊ ကျောင်းသူ များအား ဆုချီးမြှင့်ရာ ငါးဘာသာ ဂုဏ်ထူးရှင် ကျောင်းသားသုံးဦးအား ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းကလည်းကောင်း၊ လေးဘာသာ ဂုဏ်ထူးရှင် (၁၄) ဦးကိုယ်စား ကျောင်းသား/ကျောင်းသူသုံးဦးအား စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင် ကလည်းကောင်း၊ သုံးဘာသာရှင် (၁၉)ဦးကိုယ်စား ကျောင်းသား/ကျောင်းသူသုံးဦးအား တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးခင်မောင်ရင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင် တို့ကလည်းကောင်း၊ နှစ်ဘာသာဂုဏ်ထူးရှင် (၃၅) ဦးကိုယ်စား ကျောင်းသား/ကျောင်းသူ သုံးဦးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့်နှင့် အမျိုးသားလွှွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြသောင်းတို့က လည်းကောင်း၊ တစ်ဘာသာဂုဏ်ထူးရှင်(၁၆၂)ဦးကိုယ်စား ကျောင်းသား/ကျောင်းသူ သုံးဦးအား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသက်စိန်တို့ကလည်းကောင်း ဆုများ ချီးမြှင့်ကြသည်။

   ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် အကောင်းဆုံး ကျောင်းများအား ဆုချီးမြှင့်ရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နီဝင်းနှင့် တိုင်းဒေသကြီးပညာရေးမှူးတို့က ပထမဆုရရှိသော အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း (ဇေယျဝတီ)၊ ဒုတိယဆု ရရှိသော အခြေခံပညာ အထက်တန်း ကျောင်းခွဲ (ဖြူး)၊ တတိယ ရရှိသော အခြေခံပညာ အထက်တန်းကျောင်း (ညောင်ပင်သာ) ကျောင်းများမှ ကျောင်းအုပ်ကြီးများအား ဆုများချီးမြှင့်သည်။

   ယင်းနောက် ဖြူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ် တန်းကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း (၂၂၃) ကျောင်းမှ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများအား တောင်ငူခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်သည်။

   ဆက်လက်၍ ဖြူးမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ (၅)ဘာသာဂုဏ်ထူးရှင် မောင်ဇေမျိုးပိုင်က ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများ ကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။

   ထို့နောက် ဖြူးမြို့နယ် အောင်ချက် အကောင်းဆုံးဆုရ အ.ထ.က. (ညောင်ပင်သာ) မှ ကျောင်းအုပ်ဆရာကြီး ဦးစိုးလှိုင်ကကျေးဇူးတင်စကား ပြောကြားသည်။

   ယင်းနောက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွင်း အောင်ချက်မြင့်မားရေး အတွက် ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဖြူးမြို့နယ်ပညာရေးမှူးက ရှင်းလင်းတင်ပြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

   ထို့နောက် အလှူရှင်တစ်ဦးဖြစ်သူ Steel Stone Group ဥက္ကဋ္ဌ ဦးသန်းလွင်က ဖြူးမြို့နယ် ပညာရေးမြှင့်တင်မှု ကော်မတီသို့ အလှူငွေပေးအပ်သည်။

   ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိဂုံးချုပ်စကား ပြောကြားပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးလိုက်လံ တွေ့ဆုံနှုတ်ဆက်သည်။

၂၀၁၇ ခုနှစ်၊  ဇူလိုင်လ  ၁ ရက်

Standard (Image)