ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ဆွီဒင်နိုင်ငံ၊ Riksdag လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Urban Ahlin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ဆွီဒင်နိုင်ငံ၊ Riksdag လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Urban Ahlin ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင် ဒေါ်ဝင့်ဝါထွန်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဒေါ်ယဉ်မင်းလှိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဦးနေလင်း ထွန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြပြီး ဧည့်သည်တော်အဖွဲ့င့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဆွီဒင်နိုင်ငံ သံအမတ်ကြီး H.E. Mr. Staffan Herrstrom လည်း တက်ရောက်သည်။

ထိုသို့တွေ့ဆုံရာတွင် ဆွီဒင် - မြန်မာ လွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေပြုရေးနှင့် ဥပဒေရေးရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် ဆွီဒင်နိုင်ငံ၊ Riksdag လွှတ်တော်ဥက္ကဋ္ဌ တို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြပြီး ဆွီဒင်နိုင်ငံ၊ Riksdag လွှတ်တော်ဥက္ကဋ္ဌ က ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် နေ့လည်ပိုင်းတွင် လွှတ်တော်အဆောက်အဦ၊ ထမင်းစားခန်းမဆောင်၌ ဧည့်သည်တော် ဆွီဒင်နိုင်ငံ၊ Riksdag လွှတ်တော်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား ဂုဏ်ပြု နေ့လည်စာဖြင့် တည်ခင်းဧည့်ခံရာ အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီအဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးများမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။

နေ့လည်စာစားပွဲတွင် ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဧည့်သည်တော် ဆွီဒင်နိုင်ငံ၊ Riksdag လွှတ်တော်ဥက္ကဋ္ဌ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုနေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်

         

Standard (Image)