၁၃၇၉ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ( C ) ဆောင်ရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ သာမဏေကျော်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ-တေဇောဘာသ အမှူးပြုသော သံဃာတော် အရှင်မြတ်တို့ကြွ ရောက်ကြသည်။ ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ သာမဏေကျော် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ-တေဇောဘာသထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။
ထို့နောက်သံဃာတော်အရှင်မြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြသည်။ ယင်းနောက် ဆရာတော် သံဃာတော် အရှင်မြတ်များထံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အမှူးပြုသော ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီးနောက် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်
