ပြည်ထောင်စုလွှတ်တော်၊ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကော်မရှင်အဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေးနှင့် ညီညွတ်မျှတရေးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ၊ လွှတ်တော်အဆောက်အဦ ရေးရာဆောင်အမှတ် (I-1)ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးရာတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများက တရားဥပဒေစိုးမိုးရေး၊အလုပ်သမား အခွင့်အရေး၊အမျိုးသမီးအခွင့်အရေး၊အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊သတင်းအချက်အလက် ရယူခွင့်နှင့် မြေယာဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍ ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ရေးဆွဲရေး တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအကြံပြုကြသည်။
ဆွေးနွေးအကြံပြုချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးရာတွင် ပြည်ထောင်စုလွှတ်တော်ကပေးအပ်သည့် ဥပဒေဆိုင်ရာနှင့် အထူးကိစ္စရပ်ဆိုင်ရာကိစ္စရပ်များအား ကော်မရှင်က အကောင်အထည်ဖော်ဆောင်ရွက်မှု၊ဥပဒေကြမ်းရေးဆွဲခြင်းနှင့် ဥပဒေပြဋ္ဌာန်းခြင်းဆိုင်ရာ လုပ်ငန်း စဉ်များ၊ ဥပဒေပြုရေးသည် လွှတ်တော်များ၏ အဓိကတာဝန်ဖြစ်သည်နှင့်အညီ ဥပဒေကြမ်းများ၊ နည်းဥပဒေများရေးဆွဲရာတွင် ထိထိရောက်ရောက်ဆောင် ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုဗဟိုပြု၍ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်များ၊ သက်ဆိုင်ရာ လွှတ်တော်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ စိတ်ပါဝင်စားသည့် ပြည်သူများနှင့် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများသိရှိရန် ပညာပေးခြင်း၊ ပူးပေါင်းပါဝင်ခြင်း ဆောင်ရွက် ချက်များ၊ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် Law reform ၏ အရေးပါမှုနှင့် တရားမျှတပြီး ပြည်သူများလိုက်နာနိုင်သည့် ဥပဒေ၊ နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ ခေတ်ကာလနှင့် ဆီလျော်သည့် ဥပဒေများ ပေါ်ပေါက်ရေး အတွက် ပြည်ထောင်စု လွှတ်တော်နှင့် သက်ဆိုင်ရာသို့ ကော်မရှင်က တင်ပြအကြံပြုဆောင်ရွက်မှု အခြေအနေ၊ ဥပဒေကြမ်းများရေးဆွဲရာတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပြည်သူများ ပါဝင်ဆွေးနွေးအကြံပြုကြသဖြင့် ပိုမိုထိရောက် အကျိုးရှိစွာ ဆောင်ရွက်နိုင်မှုအခြေအနေတို့ကို ရှင်းလင်း ပြောကြားသည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်
