ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ ဖြစ်ကြသော အမေရိကန်နိုင်ငံသံအမတ်ကြီး H.E. Mr. Scot Marciel၊ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Andrew Patrick ၊ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Peter Lysholt Hansen နှင့် ဥရောပသမဂ္ဂသံရုံးမှ သံရုံးတာဝန်ခံ Dr. Colin Steinbach တို့ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံခြားသားများဆိုင်ရာ ဥပဒေကြမ်းနှင့် နိုင်ငံခြားသားအလုပ်သမား ဥပဒေကြမ်းတို့ကို အတည်ပြုပြဋ္ဌာန်းပါက မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အထောက်အကူပြုရေး၊ ခေတ်ကာလ အခြေအနေနှင့် ဆီလျော်ရေး၊ တရားမျှတပြီး အကျိုးဖြစ်ထွန်းရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုနိုင်၊ ဦးတင်ဝင်း၊ ဒေါ်အေးအေးမူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်
