ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် အမေရိကန်ပြည်ထောင်စု၊ အောက်လွှတ်တော်၊ House Appropriations Committee ဥက္ကဋ္ဌ Hon. Mr. Rodney Frelinghuysen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေပြုရေးနှင့် ဥပဒေရေးရာကိစ္စရပ်များ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိစ္စရပ်များ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး အမေရိကန်ပြည်ထောင်စု၊ အောက်လွှတ်တော်၊ House Appropriations Committee ဥက္ကဋ္ဌ နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Scot Marciel လည်း တက်ရောက်ခဲ့သည်။
၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ၇ ရက်
