ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကော်မတီဥက္ကဋ္ဌများ နှင့် 3MDG Fund Board အဖွဲ့တို့ ပူးပေါင်းတွေ့ဆုံဆွေးနွေး

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း နှင့် အမျိုးသားလွှတ်တော်မှ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း တို့သည် 3MDG Fund Board အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် 3MDG Fund Board မှ မြန်မာနိုင်ငံတွင် ကူညီဆောင်ရွက်ပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား စီမံကိန်းအနေဖြင့် ၂၀၁၂ မှ ၂၀၁၇ ခုနှစ်ထိ စီစဉ်ထားရှိပါကြောင်း၊ အဆိုပါ စီမံကိန်းများထဲတွင် HIV/AIDS, TB, Malaria ရောဂါနှိမ်နှင်းရေး၊ ကာကွယ်ကုသရေးဆိုင်ရာ ကျန်းမာရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊ မိခင်နှင့် ကလေးသူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးပေးပါရန်နှင့် စပ်လျဉ်းပြီး ကော်မတီဥက္ကဋ္ဌများမှ  မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခြေခံအဆောက်အအုံ လိုအပ်ချက်၊ ပြည်သူ့ငွေကြေး အသုံးချမှုစနစ်၊ ကျန်းမာရေးလုပ်သားအင်အား စီမံခန့်ခွဲမှုစနစ်၊ ကျန်းမာရေးဝန်ထမ်းများ စိတ်ဓာတ်ရေးရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများနှင့် နာဂဒေသကဲ့သို့သော ဖွံ့ဖြိုးမှုနောက်ကျသည့် ဒေသများအတွက် ပံ့ပိုးမှုများ ပိုမိုအလေးထား ဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသ့ို အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဒေါက်တာဇော်လင်း နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်

Standard (Image)