အာဆီယံပါလီမန်များ ညီလာခံ ဥက္ကဋ္ဌရာထူး နှင့် အာဆီယံပါလီမန်များ ညီလာခံ အထွေထွေအတွင်းရေးမှူးချုပ်ရာထူး လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ၏ အာဆီယံပါလီမန်များ ညီလာခံ ဥက္ကဋ္ဌရာထူး နှင့် အာဆီယံပါလီမန်များ ညီလာခံ အထွေထွေအတွင်းရေးမှူးချုပ်ရာထူး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန အမှတ် (၁) (MICC – 1) မြခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အာဆီယံပါလီမန်များ ညီလာခံ ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းလက်ခံသည်။

အခမ်းအနားတွင် မလေးရှားနိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒါတု ရိုနယ်လ် ကီယန်ဒီ က နှုတ်ခွန်းဆက် စကားပြောကြားပြီး အာဆီယံပါလီမန်များ ညီလာခံ ဥက္ကဋ္ဌ ရာထူး၊ အဆောင်အယောင်ဖြစ်သည့် တူနှင့် AIPA အလံတို့ကို ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ထံသို့ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် အာဆီယံပါလီမန်များ ညီလာခံ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ပြည်ထောင်စုလွှတ်တော် အနေဖြင့် ဒုတိယသက်တမ်းတွင် အာဆီယံပါလီမန်များ အထွေထွေညီလာခံကို ပထမဆုံးအကြိမ် လက်ခံကျင်းပရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ အာဆီယံပါလီမန်များ အထွေထွေညီလာခံ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မလေးရှား အောက်လွှတ်တော် ဥက္ကဋ္ဌ တန်စရီ ဒါတုပန်ဒီကာ အာမင်မူလီယာ အား အာဆီယံပါလီမန်များ ညီလာခံကို ဦးဆောင်ဦးရွက် ပြုခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ် (၃၅) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ ကျင်းပပြီးစီးသည့် အချိန်မှစ၍ ယခု ၂၀၁၆ ခုနှစ်တွင် ကျင်းပသော (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံအထိ ဥက္ကဋ္ဌတာဝန်ကို ဆက်လက်ထမ်းဆောင်ရန် သဘောထားကြီးမှုသည် အာဆီယံပါလီမန်များ ညီလာခံ၏ အောင်မြင်မှုအတွက် တန်ဖိုးကြီးမားသော လုပ်ဆောင်မှုတစ်ရပ်အဖြစ် မိမိတို့အားလုံးက အသိအမှတ်ပြုပါကြောင်း။

အာဆီယံပါလီမန်များ ညီလာခံ၏ ဖွဲ့စည်းပုံ စည်းမျဉ်းနှင့်အညီ နှစ်စဉ် အထွေထွေညီလာခံ ကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်ပေးသည့် အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ပီအိုရမ်အား ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်ထောင်စုလွှတ်တော် အနေဖြင့် ယခုညီလာခံ ပြင်ဆင်ရေးအတွက် အဆင့်မြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး အာဆီယံပါလီမန်များ ညီလာခံအဖွဲ့ဝင် လွှတ်တော်များ၊ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး တို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ညီလာခံသို့ လွှတ်တော်အသီးသီးမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်လာခြင်းနှင့် အမျိုးသမီးလွှတ်တော် ဥက္ကဋ္ဌများ ပါရှိလာခြင်းသည် အားတက်ဖွယ်ဖြစ်ပါကြောင်း၊ (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံ ဥက္ကဋ္ဌ အနေဖြင့် ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အာဆီယံပါလီမန်များ အထွေထွေ အတွင်းရေးမှူးချုပ်ရာထူးကို လက်ရှိတာဝန်ထမ်းဆောင်နေသည့် စင်ကာပူနိုင်ငံမှ မစ္စတာ ပီအိုရမ်က ထိုင်းနိုင်ငံမှ Mr. Isra Sunthornvat ထံသို့ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် အာဆီယံပါလီမန်များ ညီလာခံ အမှုဆောင်ကော်မတီ အစည်းအဝေးကို ဆက်လက် ကျင်းပသည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယက သည် ညီလာခံသို့ တက်ရောက်လာသည့် အာဆီယံပါလီမန်များမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ၊ AIPA နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်

Standard (Image)