ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun နှင့် တွေ့ဆုံဆွေးနွေး

ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun ၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်လေဆိပ်သို့ အောက်တိုဘာလ ၂၇ ရက်နေ့ ဒေသစံတော်ချိန် (ဝရး၅၀) နာရီအချိန်တွင် ရောက်ရှိသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်မှ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Lee Baek-soon နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သူရဦးသက်ဦးမောင် နှင့် မြန်မာသံရုံး တာဝန်ရှိသူများက ကြိုဆိုကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် (၁၁း၀၀) နာရီအချိန်တွင် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်သို့ ရောက်ရှိရာ ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှင့် ကိုယ်စားလှယ်များက ကြိုဆိုကြသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဧည့်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။ ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ပင်မအစည်းအဝေးခန်းမ အတွင်းသို့ လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun က ဒေသစံတော်ချိန် နေ့လည် (၁၂း၀၀) နာရီချိန်တွင် အမျိုးသားလွှတ်တော်၊ ဆာရန်းဂျယ်ခန်းမ၌ နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲများနှင့် နေ့လယ်စာစားပွဲများသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်အတူ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်း၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဦးလှထွန်းအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သူရဦးသက်ဦးမောင် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်

 

Standard (Image)