ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ H.E. Park Geun-hye နှင်‌့ တွေ့ဆုံ

ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun ၏ ဖိတ်ကြားချက် အရ ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ H.E. Park Geun-hye က အောက်တိုဘာလ ၂၈ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီတွင် ကိုရီးယားသမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များနှင်‌့ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံမှုတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ တောင်သူလယ်သမားနှင်‌့ အလုပ် သမားရေးရာကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဦးလှထွန်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်နှင့် ကိုရီးယားသမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး သူရဦးသက်ဦးမောင်တို့ တက်ရောက်ကြသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲချိန်တွင် Samsung Innovation Museum သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုပြီး ပြခန်းများအား လှည့်လည်ရှင်းလင်းပြသခဲ့သည်။

၎င်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ညနေ ၃ နာရီခွဲချိန်တွင် စွန့်ပစ်ပစ္စည်းအမှိုက်များမှ စွမ်းအင်ထုတ်လုပ်ပေးလျက် ရှိသော Gang Nam Resource Recovery Facility သို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့သည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်

 

Standard (Image)