ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ အား ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အားယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး၊ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော်အတွေ့အကြုံ များကိုရှင်းလင်းပြော ကြားသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်၍ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားသည့်နိုင်ငံများသည် ဒီမို ကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံများဖြစ်ပါကြောင်း၊ စီးပွားရေး၊ လူနေမှုအဆင့်အတန်း၊ ပညာရေး၊ ကျန်းမာရေး နိမ့်ပါးသည့်နိုင်ငံများကို ကြည့်ပါက အာဏာရှင်နိုင်ငံဖြစ်သည် ကိုတွေ့ရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံ၊ ပြည်ထောင်စုနိုင်ငံဖြစ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်းထားပြီး ကြိုးပမ်း ဆောင်ရွက်နေကြပြီဖြစ်ပါကြောင်း။

ဒီမိုကရေစီ အခွင့်အရေးများရမှ တရားဥပဒေစိုးမိုးမှု ရရှိမည်ဖြစ်ပြီး နိုင်ငံသူ နိုင်ငံသား များ၏ ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုရှိမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှ တိုင်းပြည် တည်ငြိမ်အေးချမ်းမည်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိမည်ဖြစ်ပါကြောင်း၊ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး လုပ်ငန်းများဆောင်ရွက်ရသည့် မဏ္ဍိုင်ကြီး ၃ ရပ် သည် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရပါကြောင်း၊ မဏ္ဍိုင် ၃ ခုသည် တစ်ခု နှင့်တစ်ခုလွှမ်းမိုးခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းမျိုး ပြုလုပ်၍မရပါကြောင်း၊ အပြန် အလှန်သာ ထိန်းကျောင်းနိုင်ပါကြောင်း။

မေးမြန်းသည့်မေးခွန်း၊ တင်သွင်းသည့် အဆိုများသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိပါးနိုင်သည့်ကိစ္စရပ်များ၊ နိုင်ငံတော်လျှို့ဝှက်ကိစ္စရပ်များ ဖြစ်၍မရပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ကို ကြေညက်အောင် လေ့လာကြရန်လိုအပ်ပါကြောင်း။

တိုင်းပြည်အတွက် ကောင်းမည်ဆိုပါက မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်က မဆို တင်သွင်းသည့် အဆို၊ ဥပဒေများကို လက်ခံနိုင်ရမည်ဖြစ်ပါကြောင်း၊ ဥပဒေ ပြဋ္ဌာန်းရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိသည့် ဥပဒေဖြစ်ရန်လို ကြောင်း၊ ပြဋ္ဌာန်းသည့်ဥပဒေသည် နိုင်ငံတကာနှင့် လက်မှတ်ရေးထိုးထားသည့် ကွန်ဗင်းရှင်းများ၊ သဘောတူညီချက်များနှင့်ကိုက်ညီရန်လိုကြောင်း၊ ထို့ပြင် ပြည်သူများ လေးစားလိုက်နာနိုင်သည့် ဥပဒေဖြစ်ရန်လည်း အထူးလိုအပ်ပါကြောင်း။

ဒီမိုကရေစီနိုင်ငံတည်ဆောက်မည်ဆိုပါက သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်း၊ နားလည်မှုရှိခြင်း၊ ယုံကြည်မှုရှိ ခြင်းများဖြင့် တိုင်းပြည်နှင့်ပြည်သူထုအတွက်၊ အနာဂတ်မျိုးဆက်များအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လွှတ်တော်အတွင်း ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြပြီး လွှတ်တော်လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်နှင့် နောင်ယား(ခ)ရပ်ကွက်သို့ သွားရောက်ပြီး ပြည်နယ်လွှတ်တော်ရုံး နှင့်ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်

Standard (Image)