ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ကိုရီးယားသမ္မတနိုင်ငံ စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက် တို့အား ကြည့်ရှုလေ့လာ၊ ကိုရီးယား-မြန်မာ လွှတ်တော်ချစ်ကြည်ရေးအသင်းမှ တည်ခင်းသော ညစာစားပွဲတက်ရောက်

ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ကိုရီးယားသမ္မတနိုင်ငံ၊ စစ်သမိုင်းပြတိုက်သို့ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် စစ်သမိုင်းပြတိုက် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးပြီး ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့သည်။

ထို့နောက် (၁၁း၀၀) နာရီ အချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ခေါင်းဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားပြတိုက်သို့ ရောက်ရှိလေ့လာရာ တာဝန်ရှိသူများက ကြိုဆိုပြီး ပြတိုက်အတွင်း လိုက်လံရှင်းလင်း ပြသခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ကိုရီးယား-မြန်မာ လွှတ်တော် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ H.E. Mr. Park Byeong-seug နှင့် ချစ်ကြည်ရေးအသင်းဝင် လွှတ်တော်ကိုယ်စားလှယ်များက အောက်တိုဘာလ ၂၈ ရက်နေ့ ည (၁၈း၀၀) နာရီ အချိန်တွင် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အဆိုပါ ညစာစားပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်း၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဦးလှထွန်းအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်၊ ကိုရီးယားသမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး သူရဦးသက်ဦးမောင် တို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်

 

Standard (Image)