တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ သူရဦးရွှေမန်း တက်ရောက်

နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး ပိုမိုအားကောင်းခိုင်မာစေရန် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူသော မဏ္ဍိုင်သုံးရပ်နှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ရေးအတွက် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ (၁၆) ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်း၊ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါက်တာ သန်းဝင်း၊ ဒေါက်တာအောင်ခင်နှင့် ကော်မရှင် အဖွဲ့ဝင်များ၊မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရား သူကြီးချုပ်ဦးစိုးသိန်း၊ ဥပဒေဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ ဥပဒေကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တတ်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ် သုံးသပ်ရေးဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာစကားပြောကြားရာတွင် နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေးရှိမှသာ ရပ်ရွာအေးချမ်းသာယာပြီး နိုင်ငံတည်ငြိမ်မည်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်မှသာ ငြိမ်းချမ်းရေး ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိုးသိန်းက တရားရုံးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တရားဥပဒေစိုးမိုးရေးစင်တာမှ တာဝန်ရှိသူများက လည်းကောင်း၊ အရပ်ဘက် အဖွဲ့အစည်းများမှတာဝန်ရှိသူများမှလည်းကောင်း၊ ယင်းတို့၏ ဆောင်ရွက် ချက်များနှင့် အားနည်းချက်၊ အားသာချက်များကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ဥက္ကဋ္ဌသူရဦးရွှေမန်းက ဒီမိုကရေစီဟူသည် ပြည်သူအုပ်ချုပ်သော စနစ်ဖြစ်ပြီး ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အုပ်ချုပ်မှသာ တရားဥပဒေစိုးမိုးရေးဖြစ်နိုင်ကြောင်း စသည်ဖြင့် ပြောကြားကာ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို (၁၂:၁၅) နာရီ အချိန်တွင် ပြီးစီးခဲ့ကြောင်းသိရှိရသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကော်မရှင်အဖွဲ့ဝင်များသည် သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ် တရားရုံးသို့ သွားရောက်လေ့လာခဲ့ကြပြီး ထိုမှတစ်ဆင့် ချမ်းမြသာစည်မြို့နယ်ရှိ တရားဥပဒေစိုးမိုးရေးစင်တာသို့ သွားရောက်လေ့လာ ခဲ့ကြောင်းသိရှိရသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်

Standard (Image)