ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းပြောကြား

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား ၂၀၁၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံပြီး ဥပဒေပြုရေး၊ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်၍ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားသည့်နိုင်ငံများသည်   ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံများဖြစ်ပါကြောင်း၊ စီးပွားရေး၊ လူနေမှုအဆင့်အတန်း၊ ပညာရေး၊ ကျန်းမာရေးနိမ့်ပါးသည့် နိုင်ငံများကိုကြည့်ပါက အာဏာရှင်နိုင်ငံများ ဖြစ်သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံ၊ ပြည်ထောင်စုနိုင်ငံဖြစ်ရန်  ကြိုးပမ်းဆောင်ရွက်နေကြပြီ ဖြစ်ပါကြောင်း။ 

ဒီမိုကရေစီအခွင့်အရေးများရမှ တရားဥပဒေစိုးမိုးမှု ရရှိမည်ဖြစ်ပြီး နိုင်ငံသူ နိုင်ငံသားများ၏ ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှု ရှိမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှ တိုင်းပြည်တည်ငြိမ်အေးချမ်းမည်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိမည်ဖြစ်ပါကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး (၃) ရပ်သည် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရပါကြောင်း၊ မဏ္ဍိုင် (၃) ခုသည် တစ်ခုနှင့်တစ်ခု လွှမ်းမိုးခြင်း၊ ဝင်ရောက် စွက်ဖက်ခြင်းမျိုး ပြုလုပ်၍ မရပါကြောင်း၊ အပြန်အလှန်သာ ထိန်းကျောင်းနိုင်ပါကြောင်း။

ကိုယ်စားလှယ်များအနေဖြင့် မေးမြန်းသည့်မေးခွန်းနှင့် တင်သွင်းသည့်အဆိုများသည် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများတွင်ပါရှိသည့် မေးခွန်း၊ အဆိုတို့နှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များကို လိုက်နာကြရန်လိုကြောင်း၊

ဥပဒေပြဋ္ဌာန်းရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိသည့် ဥပဒေဖြစ်ရန်လိုကြောင်း၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေရန် တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ခြင်း၊ ခေတ်ကာလအခြေအနေတို့နှင့် လိုက်လျောညီထွေမှုမရှိသည့် ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ခြင်းတို့ ပြုလုပ်ရန်လိုကြောင်း၊ ထို့ပြင် ပြည်သူများ လေးစားလိုက်နာနိုင်သည့် ဥပဒေဖြစ်ရန်လည်း အထူးလိုအပ်ပါကြောင်း။

ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဆိုပါက သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန် နားလည်မှုရှိခြင်း၊ အပြန်အလှန် ယုံကြည်မှုရှိခြင်းများဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အနာဂတ်မျိုးဆက်များအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီရဲ့ ပြယုဂ်သည် လွှတ်တော်များဖြစ်သည့်အတွက် လွှတ်တော်လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းစွာ လည်ပတ်နိုင်ရန် မိမိတို့လွှတ်တော် ကိုယ်စားလှယ်များက အစဉ်ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ ဖော်ဆောင်ရာတွင် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သည့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုရှိရန် ကိုယ်စားလှယ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ တို့နှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ Check and Balance ပြုလုပ်သည့်နေရာမှာ ကန့်သတ်ချက်ဘောင်များကို ကျော်လွန်ပြီး ဝင်ရောက် စွက်ဖက်ခြင်းမျိုး မဖြစ်ရအောင် အထူးသတိပြုရန်လိုကြောင်း၊ လွတ်တော် ကိုယ်စားလှယ်များသည် ဥပဒေပြုရေးသမားများဖြစ်ပြီး ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူမဖြစ်ရန် အထူးသတိပြုစေလိုကြောင်း၊ မိမိတို့ မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်စေဘဲ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခွင့်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လွှတ်တော်အတွင်း ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြပြီး လွှတ်တော် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် ရှမ်းပြည်နယ်လွှတ်တော် အဆောက်အဦတည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်၌ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင် က ပြည်နယ်လွှတ်တော် အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်သူလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ရှမ်းပြည်နယ်လွှတ်တော် အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းသို့ လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၀ ရက်

 

Standard (Image)