ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကာတာသံအမတ်ကြီး H.E. Mr. Hassan bin Mohamed Rafei Al Emadi အား ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ် အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌက ဒိုဟာဖိုရမ်သို့ တက်ရောက်ခဲ့စဉ်အတွင်း ဧည့်ဝတ်ပျူငှာမူများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရာ ကာတာသံအမတ်ကြီးကလည်း ကော်မရှင်ဥက္ကဋ္ဌအနေဖြင့် ဒိုဟာဖိုရမ်သို့ တက်ရောက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ကာတာသံအမတ်ကြီးက ပင်လယ်ကွေ့ဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားလိုပါကြောင်း၊ ကာတာနိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းလျက် ရှိနေပါကြောင်း၊ ကာတာနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ သည်လည်း ဘေးကင်းလုံခြုံမူရှိကြပါကြောင်း၊ စားရေရိက္ခာများလည်း ဖူလုံမူရှိပါကြောင်း၊ ကာတာနိုင်ငံသည် ဖြစ်ပေါ်နေသည့် အခြေအနေများကို မှန်ကန်စွာ ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အခြားသော ကမ္ဘာမိတ်ဆွေနိုင်ငံများကလည်း နားလည်မှုရှိစွာဖြင့် အားပေးကူညီ လျက်ရှိကြပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခုအနေဖြင့် ကာတာနိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ကျရာအခန်းကဏ္ဍမှ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာတာသံအမတ်ကြီးနှင့်အတူ သံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြပြီး၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၂ ရက်
