ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် အမေရိကန်သံအမတ်ကြီး H.E.Mr.Scot Marciel ဦးဆောင်သော အဖွဲ့အား ယနေ့ နေ့လည် ၁၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လွှတ်တော်များ၏ ဆောင်ရွက်နေမှုအခြေအနေများ၊ ဥပဒေပြုရေး၊ ပြည်သူ့ဆန္ဒ အကောင်အထည်ဖော်ရေးနှင့် အစိုးရဌာနများအား oversight လုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း နှင့်အတူ နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင် ဦးစိုင်းဆိုင်မိုင်း၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဦးဦးလှစော၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် ဒေါ်ဇင်မာအောင်၊ အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်စူစဲနာလှလှစိုး တို့ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်
