(ခ)-သာစည်မြို့နယ်၊ ညောင်ရမ်း ကျေးရွာတွင်(၃၃ KVA)ဓာတ်အားခွဲရုံတစ်ခုတည်ဆောက်ပေးရန်အ စီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၂၀.၅.၂၀၁၆)
မေးခွန်း အကြောင်းအရာ 

u than soeမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၏တောင်ဘက် ရှစ်မိုင်ခန့်အကွာတွင် ရှိသော ညောင်ရမ်းကျေးရွာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်မှစပြီး ကိုယ့်အားကိုယ်ကိုးဖြင့် လျှပ်စစ် မီးလင်းရေးအတွက် ၁၁ KV ဓာတ်အားခွဲရုံဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အတူ ၎င်းလိုင်းပေါ်မှ ကျေးရွာပေါင်း ၁၀ ရွာ ခန့်ကလည်း ကိုယ့်အားကိုယ်ကိုးဖြင့် လျှပ်စစ်မီးလင်းနိုင်ရေး ဆောင်ရွက်ခဲ့၍ မီးလင်းသွား ပြီဖြစ်ပါကြောင်း၊ သို့သော် ညောင်ရမ်းကျေးရွာအနီး ပတ်ဝန်းကျင်တွင်ရှိသော အခြားကျေးရွာ ၂၀ ကျော်ခန့်တွင် ၁၁ KV လိုင်းပေါ်မှထပ်မံ၍ မီးသွယ်တန်းရာတွင် အခက်အခဲရှိနေပါကြောင်း၊ ထို့ကြောင့် သာစည် မြို့နယ်၊ ညောင်ရမ်းကျေးရွာမှာ ၃၃ KVA ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u pe zin tunလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ဓာတ်အားဖြန့်ဖြူးခြင်းကဏ္ဍတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် ပြည်ထောင် စုရန်ပုံငွေနှင့်သော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုး၏ ရန်ပုံငွေနှင့် သော်လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်း များ၏ ချေးငွေအကူအညီ အထောက်အပံ့များနှင့်သော် လည်းကောင်း၊ သက်ဆိုင် ရာဒေသရှိ ပြည်သူ လူထု၏ ထည့်ဝင်ငွေများနှင့် သော်လည်းကောင်း ဆောင်ရွက် လျက်ရှိပါသည်။ ကမ္ဘာ့ဘဏ်ချေးငွေနှင့် ကျေးရွာများ အဆင့်လိုက် ဓာတ်အား ရရှိရေး ဆောင်ရွက်ရာတွင် ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ကျေးရွာများကို ပထမ အဆင့်အနေဖြင့်လည်းကောင်း၊ ဓာတ်အားစနစ်မှ ၅ မိုင်အတွင်း ကျေးရွာများကို ဒုတိယအဆင့်အနေဖြင့်လည်းကောင်း၊ ဓာတ်အားစနစ်မှ ၁၀ မိုင်အတွင်းကျေး ရွာများကို တတိယအဆင့်အနေဖြင့်လည်းကောင်း၊ ၁၀ မိုင်အထက်ကျေးရွာများကို ၆၆ ကေဗွီ၊ ၃၃ KVA ဓာတ်အားခွဲရုံများတိုးချဲ့ရန် စတုတ္ထအဆင့် အနေဖြင့်လည်းကောင်း အသီးသီးလျာထားပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ညောင်ရမ်းကျေးရွာသည် ဓာတ်အားစနစ်မှ ၁၀ မိုင်ခန့်ဝေးကွာပြီး ၃၃ ကေဗွီဓာတ်အားလိုင်း ၁၀ မိုင်နှင့် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးပါက  နှစ်မိုင်အတွင်းရှိ ကျေးရွာ ၄၄ ရွာကို လျှပ်စစ်မီးသွယ်တန်းနိုင်မည်ဖြစ်ပါကြောင်း၊ ကျေးရွာအတွင်းကို လျှပ်စစ်မီးရရှိရန် ကိုယ်ထူကိုယ်ထဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ညောင်ရမ်းကျေးရွာသည် စီမံကိန်းစတုတ္ထအဆင်‌့တွင် ပါဝင်ပြီး ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံတစ်ခု တည်ဆောက်ပေးရန် အထက်ပါကျေးရွာများအဆင့်လိုက် ဓာတ်အားရရှိရေး ဆောင်ရွက်နေမှုကို စီမံကိန်းစတုတ္ထအဆင့်ကြမှ ဆောင်ရွက်နိုင်မည့် ကာလတွင် မိမိတို့ ဘဏ္ဍာရေးနှစ် ရန်ပုံငွေထည့်သွင်းပြီး ခွင့်ပြုချက်တင်ပြမည် ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက ဆက်လက်ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။