မေးခွန်း အကြောင်းအရာ
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ရပ်ကွက် (၇)ခု၊ ကျေးရွာအုပ်စု ၈၀၊ ကျေးရွာပေါင်း ၂၄၉ ရွာ ပါဝင်လျက်ရှိရာ တချို့ရွာများတွင် ကိုယ်ထူကိုယ်ထလျှပ်စစ်ဓာတ်အား တပ်ဆင်ပြီးဖြစ်သော်လည်းကျေးရွာ အများစုတွင် လျှပ်စစ်မီးလင်းရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်နေပါကြောင်း၊ အထူးသဖြင့် ၁၁ KV လိုင်းမှ ၂ မိုင်အတွင်း ကျေးရွာများအား လျှပ်စစ်မီး တပ်ဆင်ပေးရန် လိုအပ်နေပါကြောင်း၊ သာစည်မြို့နယ်အတွင်း ၁၁ KV လိုင်းမှ ၂ မိုင် ပတ်လည်အတွင်း ကျရောက်နေသာ ကျေးရွာများတွင် ဆင်ရွာ၊ မြိုင်သာ၊ အုတ်တွင်း၊ နန်းတော်ကုန်း၊ သာယာကုန်း၊ ရေတွင်းကြီး၊ အင်တိုင်းသာ၊ သမန်းကျား၊ ငှက်မင်းကုန်း၊ ကြာဘက်ကုန်း၊ ပုန်းမဲဇာကုန်၊ ညောင်ကန်၊ ပြွန်ကန်၊ ကန်ရှည်၊ ဥသျှစ်ကုန်း(မြောက်)စသည့်ရွာများပါဝင်သည့် အတွက်ကျေး ရွာပေါင်း ၂၀ ကျော်ရှိပါကြောင်း၊ အဆိုပါ ကျေးရွာများအနက်မှ ဆင်ရွာ၊ မြိုင်သာ၊ အုတ်တွင်း၊ နန်းတော်ကုန်းကျေး ရွာများမှ ၁၁ KV လိုင်းကို ကိုယ်အားကိုယ်ကိုးဖြင့် ဆောင်ရွက်ထားသော်လည်း ရာသီဥတုဖောက်ပြန်၍ သီးနှံမရရှိ၍ ငွေရေးကြေးရေး အကြပ်အတည်းရှိခြင်းကြောင့် ၄၀၀ ဗို့လိုင်း ဆက်သွယ်တပ်ဆင်ရန် အခက်အခဲများ ဖြစ်နေကြောင်းကို သိရှိရပါကြောင်းနှင့် အဆိုပါကျေးရွာ များသို့ လျှပ်စစ်ဓာတ်အား ဆက်သွယ် တပ်ဆင်ပေးပါက ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအခြေအနေများ လျင်မြန်စွာဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သာစည်မြို့နယ်အတွင်းရှိ ၁၁ KV လိုင်းမှ ၂ မိုင်ပတ်လည်အတွင်း ကျေးရွာများအား လျှပ်စစ်ဓာတ်အား ဆက်သွယ်တပ်ဆင်ဆောင်ရွက်ပေး ပါရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာတစ်နိုင်ငံတစ်ဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အား လုံလောက်စွာဖြန့်ဖြူး ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ အိမ်ထောင်စုပေါင်း ၁၀.၈၉ သန်းခန့်ရှိသည့်အနက် လက်ရှိအခြေအနေတွင် ဓာတ်အားစနစ်နှင့် လျှပ်စစ်ဓာတ်အားရရှိသူ အိမ်ထောင်စုပေါင်း ၃.၆၅ သန်းခန့် ရှိပါ၍ စုစုပေါင်း ၃၄ % သည် လျှပ်စစ်ဓာတ်အားရရှိလျက်ရှိပါကြောင်း၊ ကမ္ဘာ့ဘဏ် (World Bank- WB)၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (Asian Development Bank- ADB)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(Japan International Cooperation Agency- JICA)၊ ဂျာမနီနိုင်ငံ German Development Bank၊ KFW စသည့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ချေးငွေများရယူပြီး လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးနိုင်ရန်ဆောင်ရွက်နေ သကဲ့သို့ နိုင်ငံတော်၏ဘဏ္ဍာငွေဖြင့်လည်း ဘတ်ဂျက်လျာထားပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများကို ဟန်ချက်ညီညီ တစ်ပြိုင်နက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ဒေသများအားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရန် ရည်ရွယ်ပြီးကမ္ဘာ့ ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ ၃၁၀ သန်းဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ စီမံကိန်းများကိုနှစ်အလိုက် ဦးစားပေး အစီအစဉ်များချမှတ်ပြီး ဓာတ်အားမရရှိသေးသည့် ကျေးရွာများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကျေးရွာများလျှပ်စစ်မီး ရရှိရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး စီမံကိန်းပထမ အဆင့်အဖြစ် သာစည်မြို့နယ်အတွင်းရှိ ၁၁ KV လိုင်းမှ ၂ မိုင်ပတ်လည်အတွင်းရှိသော ကျေးရွာများ အနက် သမန်းကျား၊ ငှက်မင်းကုန်း၊ ကြာဘက်ကုန်း၊ ပြွန်ကန်ကျေးရွာ လေးရွာတို့ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆင်ရွာ၊ မြိုင်သာ၊ အုတ်တွင်း၊ နန်းတော်ကုန်း၊ သာယာကုန်း၊ ရေတွင်းကြီး၊ အင်တိုင်းသာ၊ ပုန်းမဲဇာကုန်း၊ ညောင်ကန်၊ ကန်ရှည်၊ ဥသျှစ်ကုန်း(မ)စသည့် ကျေးရွာများသည် လက်ရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်းမှ ၂ မိုင်အထက် ၅ မိုင် အတွင်းတွင် လည်းကောင်း၊ မောင်းမဆည်ကျေးရွာသည် ယခုအသစ် တည်ဆောက်လျက်ရှိသည့် လှိုင်းတက်ခွဲရုံမှ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၇ မိုင် သွယ်တန်းရမည်ဖြစ်သည့် အတွက်ကြောင့် ရန်ပုံငွေရရှိမည့်အပေါ် မူတည်ပြီး လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
