မေးခွန်း အကြောင်းအရာ
မိမိတို့ မောက်မယ်မြို့နယ်တွင် ၂၀၁၃ ခုနှစ်မှ စတင်ပြီး CDMA 450 လက်ကိုင်ဖုန်းများကို ကောင်းမွန်စွာ သုံးစွဲခွင့်ရရှိခဲ့ပါကြောင်း၊ ယခင်က CDMA 800 ဖုန်းလိုင်းများကို ခေတ္တဖွင့်လှစ်ပေးပြီး ယခုအချိန်ထိ လိုင်းမရရှိဘဲ ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပါကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် GSM တာဝါတိုင်များကို မြို့ပေါ်ဧရိယာတွင် (၂)ခု၊ မိမိတို့ ဟိုနမ့်ကျေးရွာအုပ်စုတွင် (၁)ခု စိုက်ထူခဲ့သော်လည်း ယနေ့ထိတိုင် ဆက်သွယ်ပြောဆို၍ မရရှိသေးပါကြောင်း၊ လင်းခေးခရိုင်သည် မိမိတို့ မောက်မယ်မြို့နယ်နှင့် မိုင်းပန်မြို့နယ် GSM ဖုန်းလိုင်းများ ချိတ်ဆက်ရန် ကျန်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ မောက်မယ်မြို့နယ် GSM ဖုန်းလိုင်းများ ဆက်သွယ်အသုံးပြုခွင့်ရရှိရေးအတွက် မည်သည့်အခက်အခဲများကြောင့် ကြန့်ကြာနေရပါသနည်းနှင့် မည်သည့်အချိန်ကာလတွင် မဲဆန္ဒရှင်လုပ်သား ပြည်သူများ အသုံးပြုခွင့်ရရှိနိုင်မည်နည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မောက်မယ်မြို့နယ်တွင် GSM စခန်း(၃)ခုကို အောက်ပါအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ရွာအနီးရှိ ဆိုဒ်အမှတ် (SHS 00074) တွင် GSM စနစ် ရရှိစေရန်အတွက် တယ်လီနော၏တာဝါကို ငှားရမ်းတပ်ဆင် သုံးစွဲသွားမည်ဖြစ်ပြီး ဆက်ကြောင်း ချိတ်ဆက်ခြင်းနှင့် စက်ပစ္စည်းများတပ်ဆင်ခြင်းကို ယခုနှစ် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လကုန်တွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ယခုလို မောက်မယ်မြို့နယ်၊ မိုက်နုစင်ရွာတွင်ရှိသည့် ဆိုဒ်အမှတ် (SHS 00279) တွင် GSM စနစ်ရရှိစေရန်အတွက် တာဝါအသစ်ကို ကိုယ်တိုင်တည်ဆောက်ပြီး ဆက်ကြောင်း ချိန်ဆက်ခြင်းနှင့် စက်ပစ္စည်းတပ်ဆင်ခြင်းကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ မောက်မယ်မြို့တွင် လက်ရှိ CDMA 450 စခန်းတာဝါတိုင်ရှိပါကြောင်း၊ ဆိုဒ်အမှတ် SHS 00445 ဖြစ်ပြီး CDMA 450 မှာ အင်တာနက်မရရှိသေးပါကြောင်း၊ ထို့ကြောင့် ပြည်သူအားလုံးက GSM ကိုလိုလားသည့်အတွက်ကြောင့် မိမိတို့ GSM ရရှိစေရန်အတွက် စက်ပစ္စည်းအသစ် တပ်ဆင်ရမည် ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလကုန်တွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ယခုလို စခန်းများဝေးလံသည့် ဒေသတွင် Micro/Fiber Transmission ရရှိရန်အတွက် မလွယ်ကူပါကြောင်း၊ လက်ရှိအခြေအနေတွင် Thaicom ဂြိုလ်တုကို ငှားရမ်းပြီး သုံးစွဲနေရပါကြောင်း၊ ယခု ငှားရမ်းသည့်အခါတွင်လည်း Bandwidth မရပါကြောင်း၊ မိမိတို့ လိုအပ်သည့် Bandwidth ကို ရရှိရန်အတွက် အကန့်အသတ်ရှိသည့် အတွက်ကြောင့် ကိုယ်ပိုင်ဂြိုလ်တု ငှားရမ်းရန်စီစဉ်နေပါကြောင်း၊ မကြာခင်အချိန်တွင် စာချုပ်ချုပ်ဆိုပြီး Myanmar Set Dream ဆိုပြီး မြန်မာပိုင်ဂြိုလ်တုစနစ်ကို အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ကြန့်ကြာနေရပါကြောင်း၊ မိမိတို့ ကဲ့သို့ပင် Telenor Myanmar Ltd ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မောက်မယ်မြို့နယ်တွင် GSM စခန်းတစ်ခုကို တည်ဆောက်လျက်ရှိပါကြောင်း၊ မောက်မယ်မြို့၊ ဗိုလ်ချုပ်လမ်းတွင်ရှိသည့် ဆိုင်အမှတ် SH 0249 GSM စခန်းမှာ ၇-၁၁-၂၀၁၅ မှစပြီး ဇွန်လကုန်မှာ တာဝါတည်ဆောက်ပြီး မည်ဖြစ်ပါကြောင်း၊ မောက်မယ်မြို့နယ် ဟိုနန့်ရွာအနီးမှာရှိသည့် ဆိုင်အမှတ် SH 0099 တွင် GSM စခန်းကို ၉-၁၁ ၂၀၁၅ မှစပြီး တာဝါတည်ဆောက်ပြီးမည် ဖြစ်ပါကြောင်း၊ Transmission စက်ကြောင်းအတွက် ဆောင်ရွက်ခြင်းမှာ ၂၀၁၆ ခုနှစ် ဇွန်လကုန်တွင်ပြီးစီးမည် ဖြစ်ပါကြောင်း၊ မောက်မယ်ဟိုနန့်ရွာတွင် ဇူလိုင်လကုန်တွင် စခန်းပြီးမည်ဖြစ်ပါကြောင်းနှင့် မိုင်းနုစင်ရွာက အောက်တိုဘာလကုန်တွင် ပြီးမည်ဖြစ်ပါကြောင်း၊ မောက်မယ်မြို့ပေါ်တွင် CDMA 450 ကို တိုးချဲ့ စက်ပစ္စည်းအသစ် တပ်ဆင်ခြင်းမှာ အောက်တိုဘာလကုန်တွင် ပြီးမည်ဖြစ်ပါကြောင်း၊ ထို့နောက် Telenor မှာလည်း နှစ်ခုစလုံး တာဝါတည်ဆောက်ပြီးဖြစ်ပြီး ဇွန်လကုန်တွင် အားလုံးပြီးစီးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
