(က)-ကောလင်းမြို့နယ်၊ ကျောက်ပုထိုးဒေသ ရွှေ တူးဖော်ရေး လုပ်ငန်းကို ပတ်ဝန်းကျင်နှင့်လူမှုရေး ထိခိုက်မှုမရှိအောင်နိုင်ငံတော်အစိုးရအနေဖြင့်မည် သို့ဆောင်ရွက် ပေးနိုင်ပါမည်ကို သိလိုခြင်းနှင့် စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ (၁၉.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

myo zaw aungမိမိတို့ ကျောက်ပုထိုးဒေသတွင် ရွှေတူးဖော်လာခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိပြီ ဖြစ်ပါကြောင်း၊ ပထမဆုံးက အစိုးရမှလုပ်ပြီး နောက်ပိုင်းတွင် ထာဝရကုမ္ပဏီကို ဆောင်ရွက်စေပါကြောင်း၊ ယခုလို ဆောင်ရွက်သည့်အခါတွင် ဒေသခံပြည်သူများ၏ ပြောကြားချက်အရ ဒေသခံများသည် ပတ်ဝန်းကျင် ဆိုင်ရာပြဿနာ အမျိုးမျိုးနှင့် ရင်ဆိုင်နေရပါကြောင်း၊ ထိုပြဿနာများမှာ မိုးရွာသည့်အခါတွင် ရေများစီးပြီး လယ်မြေထဲကို မသန့်ရှင်းသည့်ရေများ ကျပါရောက်သည့်အတွက်ကြောင့် ကောက်ပင်များ သေရခြင်းဖြစ်ပါကြောင်း၊ ထိုရေကိုသောက်သုံးသည့် ကျွဲနွားများသည်လည်း ပါးစပ်တွင် အနာရောဂါများ ခံစားရပါကြောင်း၊ မကြာခဏ ငါးများလည်း သေခြင်းကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများမှ စိစစ်ပေးရန် အကြိမ်ကြိမ်တင်ပြ တောင်းဆိုကြပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးထိခိုက်မှုများကို အနည်းနှင့်အများ ခံစားနေကြရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပတ်ဝန်းကျင်အခြေအနေ မထိခိုက်အောင် သတ္တုတူးဖော်ရေးလုပ်ငန်းကို စနစ်တကျစိစစ်ပြီး မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်းနှင့် ကောလင်းမြို့နယ်၊ ကျောက်ပုထိုးဒေသ ရွှေတူးဖော်ရေးလုပ်ငန်းကို ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှုများအား စနစ်တကျလေ့လာဆန်းစစ်မှုပြု၍ ပတ်ဝန်းကျင်လူနေမှုဘဝ ထိခိုက်မှုမရှိအောင် နိုင်ငံတော်အစိုးရ အနေဖြင့် မည်သို့ဆောင်ရွက်ပေးနိုင်ပါမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ
ဖြေကြားချက် 

u ohn winဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ သတ္တုသိုက်ပမာဏ ကွင်းဆင်းတွက်ချက်မှုကို ၁၉၈၂ ခုနှစ်ကစပြီး ခုနစ်နှစ်ခန့် ဆောင်ရွက်ခဲ့ပါကြောင်း၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းကိုလည်း ၁၉၈၂ ခုနှစ်ကနေပြီး ၁၉၈၇ ခုနှစ်အထိ တစ်နေ့ကို တန် ၅၀ ကျရှေ့ပြေးစက်ရုံ 50 ton/day, Pilot Plant ဖြင့် ပြဒါးကိုအသုံးပြုပြီး ရွှေထုတ်လုပ်သည့်နည်းစဉ်ဖြင့် စမ်းသပ်ထုတ်လုပ်ခဲ့ပါကြောင်း၊ ၁၉၈၇ ခုနှစ်တွင် ယူဂိုဆလားဗီးယားနိုင်ငံ Invest Import Company ကို ကန်ထရိုက်ပေးပြီး အပူနှင့်ကျိုချက်ရသည့် Pyro Metallurgy နည်းစဉ်ကို အသုံးပြုသည့် ရွှေသန့်စင်စက်ရုံကို တည်ဆောက်ပါကြောင်း၊ ၁၉၉၁ ခုနှစ်တွင် စမ်းသပ်လည်ပတ် လုပ်ကိုင်ပြီး ရွှေပြန်ရသည့်နှုန်း Recovery နည်းပြီး အကျိုးအမြတ် ဖြစ်ထွန်းမှုမရှိသည့် အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ အထူးစီမံကိန်းများအကောင်အထည်ဖော်ရေးအဖွဲ့၏ (၁/၉၃) ကြိမ်မြောက် အစည်းအဝေးကနေပြီး သဘောတူဆုံးဖြတ်ချက်အရ ဆိုင်ယာနိုက်ဓာတ် ဆေးအသုံးပြုသည့် Carbon-In-Pulp(CIP) နည်းစဉ်ဖြစ်သည့် Hydrometallurgy Process(Cyanidation Process) နည်းစဉ်ကို ၁၉၉၃ ခုနှစ်၊ မတ်လကစပြီး ယနေ့အထိ ရွှေထုတ်လုပ်သန့်စင်မှု လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါကြောင်း၊ ကျောက်ပုထိုးရွှေသတ္တုတွင်း ရွှေသန့်စင်စက်ရုံကို ၁၉၈၇ ခုနှစ်တွင် ယူဂိုဆလားဗီးယားနိုင်ငံမှ အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ နှင့် မြန်မာငွေကျပ်သန်း ၂၉၀ ရင်းနှီးပြီးတည်ဆောက်ခဲ့ပါကြောင်း၊ ကျောက်ပုထိုး ရွှေသတ္တုစီမံကိန်းကို နိုင်ငံတော်အနေဖြင့် ၁၉၈၂ ခုနှစ်မှစပြီး ၁၉၈၇ ခုနှစ်အထိ တစ်နေ့တန် ၅၀ ကျ ရှေ့ပြေးစက်ရုံ အသုံးပြုသည့်နည်းဖြင့် စမ်းသပ်ထုတ်လုပ်ခြင်း၊ ၁၉၈၇ ခုနှစ်မှစပြီး ၁၉၉၃ ခုနှစ် Pyro Metallurgy နည်းဖြင့်လည်းကောင်း၊ ၁၉၉၃ ခုနှစ်မှစပြီး ၂၀၀၇ ခုနှစ်၊ ဇူလိုင်လအထိ CIP နည်းဖြင့်လည်းကောင်း ထုတ်လုပ်ရာ နှစ်ပေါင်း  ၂၅ နှစ်ခန့် ကြာခဲ့ပြီပါကြောင်း၊ ကျောက်ပုထိုး ရွှေသတ္တုတွင်းကိုကျန်ရှိသည့် သတ္တုသိုက်ကို ဆက်လက်တူးဖော်ရန် အတွက် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်နှင့် ထာဝရသတ္တု တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်ကို ၁-၈-၂၀၀၇ ရက်နေ့ကနေစပြီး လွှဲပြောင်း လုပ်ကိုင်စေခဲ့ပါကြောင်း၊ ယခု ထာဝရသတ္တုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်မှ ရွှေထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်သည့်နေရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ထားမှုအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သည့် အချက်များအား လေ့လာစိစစ် ဖော်ထုတ်ခြင်း (Environmental Impact Assessment)၊ ပတ်ဝန်းကျင်ထိခိုက်မှုကို စောင့်ကြပ်ကြည့်ရှုခြင်း၊ လူမှုပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းစေရေးအတွက် အကျိုးသက်ရောက်မှုအား လေ့လာဆန်းစစ်ခြင်း (Social Impact Assessment)၊ ပတ်ဝန်းကျင်ပြည်သူလူထု၏ ကျန်းမာရေးထိခိုက် ယိုယွင်းမှုလျော့နည်းစေရေးအတွက် အကျိုးသက်ရောက်မှုများကို လေ့လာဆန်းစစ်ခြင်း (Health Impact Assessment)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း (Environmental Management Plan) စသည်တို့ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖုန်မှုန့်နှင့်ပတ်သက်ပြီး Dust Emission Monitoring System အရ ဖုန်မှုန့်ပျံ့လွင့်မှုကို စောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်းအနေနှင့် သတ္တုတွင်းဧရိယာအတွင်းတွင် နေရာ ၁၃ နေရာနှင့် ဝန်ထမ်းအိမ်ရာများကို တိုင်းတာစစ်ဆေးလျက်ရှိပါကြောင်း၊ Dust Control System အရ ဖုန်မှုန့်ပျံ့လွင့်မှု လျှော့ချရေးအတွက် စီမံဆောင်ရွက်မှုအနေနှင့် သတ္တုရိုင်းများ၊ စွန့်ပစ်မြေစာများ၊ အပေါ်ယံမြေဆွေးများ သယ်ယူပို့ဆောင်ခြင်း၊ စုပုံခြင်းတို့ကြောင့် ဖုန်မှုန့်ပျံ့လွင့်မှုကို တိုင်းတာစစ်ဆေးခြင်းနှင့် သယ်ယူပို့ဆောင်သည့် လမ်းတစ်လျှောက် ရေဖြန်းကားများဖြင့် ဖုန်မှုန့်ပျံ့လွင့်မှု လျှော့ချရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ Solid Waste Management System အရ စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်း သက်သာစေရန်အတွက် ဓာတ်ခွဲခန်းသုံးစွန့်ပစ်ပစ္စည်းများကို အုတ်ကန်များတည်ဆောက်ပြီး စနစ်တကျစွန့်ပစ်ခြင်း၊ ကြိတ်ခွဲစက်ရုံများကနေပြီး ဖိတ်စင်သည့် ဖြုန်းအစအနများ၊ အမြှုပ်ဖော်သန့်စင် စက်ရုံနှင့် စက်ရုံများမှထွက်သည့် ဇီဝအစိုင်အခဲများနှင့် အနည်အနှစ်များ (Biosolids and Sludge Disposal)များကို အနည်ထိုင်ကန်များ၊ မြောင်းများမှတစ်ဆင့် စွန့်ပစ်မြေစာကန်ကို စနစ်တကျ စုဆောင်းထားရှိပြီး ဆောင်ရွက်ပါကြောင်း၊

သတ္တုပိုင်းဆိုင်ရာ Technical Term များနှင့် စပ်လျဉ်း၍ Waste Water Management System အရ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် စွန့်ပစ်ရေများကို စွန့်ပစ်ကန်များဖြင့် စနစ်တကျ သိုလှောင်ပြီး ဘေးပတ်ဝန်းကျင်ကို စွန့်ပစ်ခြင်းမပြုဘဲ Pump Station မှတစ်ဆင့် အမြှုပ်ဖော်သန့်စင် စက်ရုံများကို ပြန်လည်ပေးပို့သုံးစွဲလျက်ရှိပါကြောင်း၊ CIP-1 စက်ရုံက စွန့်ပစ်မြေစာများကို Tailing Pond များ စနစ် တကျသိုလှောင်ပြီး ထုံးဓာတ်မြင့်မားပြီးတော့ ဆိုင်ယာနိုက်ပါဝင် စွန့်ပစ်ရေကို ပတ်ဝန်းကျင်ကို စွန့်ပစ်ခြင်း မရှိဘဲ အောက်ဆိုဒ်သတ္တုရိုင်းများ(Low Grade Oxidized Ore)များ၊ Heap Leaching များပြုလုပ်ရာ ပြန်လည်အသုံးပြုခြင်းဖြင့် Mine Hazard အန္တရာယ်မရှိအောင် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ CIP-II စက်ရုံမှဓာတ်ဆေးပါသည့် စွန့်ပစ်ရေများကို အမြှုပ်ဖော်သန့်စင်စက်ရုံမှ ပြန်လည်အသုံးပြုခြင်း၊ ၎င်း စွန့်ပစ်ရေများမှ Iron များကို စုပ်ယူပြီး ရေသန့်စင်စေရန်အတွက် ရေကြိုက်သည့် Westland အပင်များကို စိုက်ပျိုးခြင်းဖြင့် Passive Treatment လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

Acid Rock Drinage Management System အရ အက်ဆစ်ယိုစီးသည့် ကျောက်များကြောင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် ဆောင်ရွက်သည့်အနေဖြင့် ကျောက်ပုထိုးသတ္တုတွင်း၏ သတ္တုရိုင်းများမှာ Pyrite, Arsenopyrite, Arsenial Pyrite တို့ပါဝင်သည့် ဆာလ်ဖိုဒ်သတ္တုများကို မိမိတို့တူးဖော်နေသည့် သတ္တုတွင်းမှာ စိမ့်ရေ၊ Stock Pile မြေစာပုံ၊ ဖိတ်စင်သည့် သတ္တုရိုင်းများနှင့် သတ္တုသန့်စင်များမှ အက်ဆစ်ယိုစီးမှုဖြစ်ပြီး မြေပေါ်/မြေအောက် ညစ်ညမ်းမှုမရှိစေရေးအတွက် Surface Water Monitoring Point များကို သတ်မှတ်ပြီး စောင့်ကြည့်ခြင်း၊ Open Pit မှ စိမ့်ထွက်သော Acid Rock Drainage များကို ထုံးနှင့်ထုံးနှစ်များ အသုံးပြုပြီး Active Treatment များဖြင့်လည်းကောင်း စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ Environmental Impact Monitoring System အရပတ်ဝန်းကျင် ထိခိုက်မှုကို စောင့်ကြပ် ကြည့်ရှုစစ်ဆေးမှုအနေနှင့် Surface and Underground Water အပေါ်ရှိသည့် ရေနှင့်မြေအောက်တွင် ရှိသည့်ရေတို့၏  နမူနာကောက်ယူခြင်းနှင့် ဓာတ်ခွဲစမ်းသပ်မှု ပြုလုပ်ကာ PH Level စစ်ဆေးခြင်း၊ လုပ်ငန်းသုံးရေနှင့် စက်ရုံမှစွန့်ပစ်ရေများကို နမူနာကောက်ယူပြီး ဓာတ်ခွဲခန်း စမ်းသပ်မှုများပြုကာ PH Level ကို ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုရှိ/မရှိ ကိုစောင့်ကြပ်ကြည့်ရှုစစ်ဆေးလျက်ရှိပါကြောင်း၊ Surface Water Monitoring System အရ မြေပေါ်ရေများကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးမှုအနေနှင့် သတ္တုတွင်းဧရိယာအတွင်းသို့ စီးဝင်သည့် ရေစီးချောင်းမှ ကျောက်အိုးချောင်းအတွင်းသို့ မစီးဝင်မီ SW-1 မှ SW-8 အထိ ရေနမူနာများ ကောက်ယူသည့် နေရာများ သတ်မှတ်ပြီး ရေအရည်အသွေး စစ်ဆေးခြင်းကို International Finance Corporation, World Bank Group Effluent Guideline Value(2007) နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ Ground Water Monitoring System အရ မြေအောက်ရေများကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ အဝီစိတွင်း TW-1 မှ TW-13 အထိ ရေနမူနာများ ကောက်ယူပြီး WHO’s ၏ Drinking Water Standard(1993) နှင့်အညီ လစဉ်စစ်ဆေး လျက်ရှိပါကြောင်း၊

လေထုအရည်အသွေးကိုလည်း HAZ SCANNER စက်ကိုအသုံးပြုပြီး စစ်ဆေးလျက်ရှိကြောင်း၊ Mine Site အသီးသီးက ထွက်လာတဲ့စွန့်ပစ်ရေများကို ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေးအတွက်လည်းကောင်း၊ ဓာတ်ဆေးသုံးစွဲမှု သက်သာစေရေးအတွက်လည်းကောင်း၊ သတ္တုပြန်ရနှုန်းကောင်းမွန် စေရေးအတွက် လည်းကောင်း၊ လုံးဝစွန့်ပစ်ခြင်းမရှိဘဲ Recycle Process များနှင့် ပြန်လည်အသုံးပြုနေကြောင်းကိုလည်း သိရှိရပါသည်။ ထို့ကြောင့် ကျောက်ပုထိုးသတ္တုတွင်း၏ သတ္တုရိုင်းမြေစာ ထုတ်လုပ်ခြင်း၊ ရွှေသန့်စင် ထုတ်လုပ်ခြင်းတို့မှ ထွက်ရှိလာသည့် စွန့်ပစ်ရေ/အနည် အနှစ်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် Mine Hazard Management အစီအမံများ ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိခြင်း၊ ကုမ္ပဏီမှသော်လည်းကောင်း၊ ဌာနမှသော်လည်းကောင်း စစ်ဆေးရေးအဖွဲ့များ စောင့်ကြပ်လျက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲရေးလုပ်ငန်းများ (Environmental Management Plan) များ ဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သည့် အချက်အလက်များအား လေ့လာစိစစ်ဖော်ထုတ်ခြင်း (Environmental Impact Assessment) များနှင့် ပတ်ဝန်းကျင် ထိခိုက်မှုများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းနှင့် ပတ်သက်ပြီး အကြံဉာဏ်ပေးခြင်း၊ အကြံပြုခြင်းတို့ကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမျိုးဇော်အောင်(ကောလင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကုမ္ပဏီကဆောင်ရွက်နေသည် ဆိုသော်လည်း မိမိတို့ရံဖန်ရံခါ စစ်ဆေးမှုကို တစ်လတစ်ကြိမ် ဆောင်ရွက်ခဲ့သည်ဟုသိရသော်လည်း အကျိုးအပြစ်များ တွေ့နေရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ၎င်း ကိစ္စကို ဘယ်လိုလျှော့ချနိုင်မည်နည်းကို သိရှိလိုပေါကြောင်း ထပ်ဆင့်မေးခွန်း မေးမြန်းပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း

ဓာတုဗေဒ Chemical နှင့် ဖြစ်လာသည့် နောက်ဆက်တွဲများမှာ Accumulation လို့ခေါ်သည့် စုပြီးဖြစ်လာသည့် အတွက်ကြောင့် မည်သည့်အခါတွင် ပပျောက်မလဲဆိုသည်ကို  မိမိတို့ဘက်မှ အတိအကျ ပြောနိုင်ခြင်းမရှိသေးပါကြောင်း၊ မိမိတို့အနေဖြင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးနှင့် တွေ့ပြီး မေးကြည့်သည့်အခါတွင် မေလအကုန် နောက်ဆုံး တွေ့ရှိချက်များနှင့် နောက်ဆုံးဖြစ်ပေါ်နေမှုများကို အစီရင်ခံရန်အတွက် မိမိမှညွှန်ကြားထားပါကြောင်း၊ နောက်တစ်ခုက ကုမ္ပဏီသက်တမ်းတိုးခြင်း ကိစ္စနှင့်ပတ်သက်၍ ပြောရမည်ဆိုပါက  မိမိတို့လက်ထက်တွင် သက်တမ်းတိုးခြင်း မဟုတ်ပါကြောင်း၊ ယခင်ကတိုးခဲ့သည့် အတွက်ကြောင့် မိမိတို့မှအရင်အတိုင်း ဆက်သွားနေရပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားနှင့် ပြည်သူလူထုများ၏ ကျန်းမာရေး၊ လူမှုရေး ထိခိုက်မည်ဆိုပါက ကုမ္ပဏီကိုပိတ်ပြစ်ရန် မိမိတို့မှာတာဝန်ရှိပါကြောင်းဖြင့် ပြန်လည်ဖြေကြားပါသည်။