(ဂ)-လယ်/ဆည်ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ဆည်ပေါင်း မည်မျှ ရှိပါသနည်း၊ ၎င်းတို့အနက်မှအ ကျိုးမပြုတော့သည့် ဆည်များ မည်မျှရှိ၍ မည်သည့် အကြောင်းအရင်း များကြောင့် အကျိုးမပြုဆည် များဖြစ်နေပါသနည်း နှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၈.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

dr a zin lattမိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းပြည်တစ်ခုဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကို အခြေခံခြင်းကြောင့် စိုက်ပျိုးရေရရှိစေသော ဆည်မြောင်းတာတမံများကို တည်ဆောက်ခြင်းသည်လည်း အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်ခဲ့ပါကြောင်း၊ အရေးပါသည့် အလျောက်လည်း တိုင်းပြည်ဘဏ္ဍာငွေ ကျပ်သန်းပေါင်း မြောက်များစွာကိုသုံး၍ ဆည်ပေါင်းမြောက်များစွာကိုလည်း တည်ဆောက်ခဲ့ကြပါသည်။ သို့သော်လည်း ကာလ အတန်ငယ်ရွေ့လျား လာပြီးနောက် တချို့ဆည်များသည် ပြည်သူကို အကျိုးပြုနေပြီး တချို့ဆည်များကတော့ ပြည်သူ့အကျိုးကို မသယ်ပိုးနိုင်သည့် အကျိုးမပြုဆည်များ၊ တိမ်ကောဆည်များ၊ အမည်ခံဆည်များ ဖြစ်နေပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေ မြောက်များစွာကို အသုံးပြုလုပ်ကိုင်ခဲ့ပြီး တချို့နေရာများတွင် ပြည်သူတို့၏ လုပ်အားများပင်ပါဝင်ခဲ့သော လုပ်ငန်းတစ်ရပ်၏ အကျိုးရလဒ်ကို ယခုအချိန်မှစ၍ သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ပညာရပ်ဆိုင်ရာရှုထောင့်အပါအဝင် ဘက်ပေါင်းစုံမှ ပွင့်ပွင့်လင်းလင်း၊ ပြည့်ပြည့်စုံစုံ ပြန်လည်ဆန်းစစ် ဝေဖန်သုံးသပ်စေလိုပါကြောင်း၊ ယင်းလေ့လာဆန်းစစ် သုံးသပ်တွေ့ရှိချက်များကိုလည်း ပြည်သူလူထုအား ပြန်လည် သိစေလိုသောကြောင့် မိမိမေးလိုသည်မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော ဆည်ပေါင်းမည်မျှရှိပါသနည်း၊ ၎င်းတို့အနက် အကျိုးမပြုဆည်များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မည်မျှရှိ၍ မည်သည်တို့ဖြစ်ကြပါသနည်း၊ ဆည်များသည် မည်သည့် အကြောင်း ရင်းများကြောင့် အကျိုးမပြုဆည်များ ဖြစ်နေရပါသနည်း၊ ယင်းအကျိုးမပြုဆည်များကို အကျိုးပြုဆည်များဖြစ်စေရန် လုပ်ဆောင်နိုင်မှု နည်းလမ်းများရှိပါသလားနှင့် နည်းလမ်းများရှိပါကလည်း မည်သည့်နည်းလမ်းများဖြစ်၍ နည်းလမ်းများ မရှိပါလျှင်လည်း မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံ၊ ဆည်၊ ကန်၊ ရေတံခါး စုစုပေါင်း ၅၈၁ ခုရှိပါကြောင်း၊ ရေလှောင်တမံအနေဖြင်‌့ ကယားပြည်နယ်တွင် ၅ ခု၊ ကရင်ပြည်နယ်တွင် ၂ ခု၊ ချင်းပြည်နယ်တွင် ၁ ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၉ ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ၃၉ ခု၊ မကွေးတိုင်းဒေသကြီးတွင် ၅၅ ခု၊ မန္တလေးတိုင်းဒေသကြီးတွင် ၄၈ ခု၊ မွန်ပြည်နယ်တွင် ၆ ခု၊ ရခိုင်ပြည်နယ်တွင် ၁၄ ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၉ ခု၊ ရှမ်းပြည်နယ်တွင် ၉ ခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၆ ခုနှင့် နေပြည်တော် ကောင်စီတွင် ၁၂ ခု စုစုပေါင်း ရေလှောင်တမံ ၂၃၅ ခု တည်ရှိပါကြောင်း၊ ၎င်း ရေလှောင်တမံများအနက်မှ ယခုနှစ်တွင် စိုက်ပျိုးရေးပေးဝေခြင်း၊ ရေဘေးကာကွယ်ခြင်း၊ ရေအားလျှပ်စစ် ဓာတ်ထုတ်လုပ်ခြင်းနှင့် သောက်သုံးရေ ပေးဝေခြင်းစသည်များ အကျိုးပြုလျက်ရှိသည့် ရေလှောင်တမံစုစုပေါင်း (၁၉၀)ခု ရှိပါသည်။ ၎င်းတို့မှာ ကယားပြည်နယ်တွင် ၅ ခု၊ ကရင်ပြည်နယ်မှာ ၂ ခု၊ ချင်းပြည်နယ်မှာ ၁ ခု၊ စစ်ကိုင်းဒေသကြီးမှာ ၂၀ ခု၊ ပဲခူးတိုင်းဒေသကြီးမှာ ၃၉ ခု၊ မကွေးတိုင်းဒေသကြီးမှာ ၂၉ ခု၊ မန္တလေးတိုင်းဒေသကြီးမှာ ၃၉ ခု၊ မွန်ပြည်နယ်မှာ ၆ ခု၊ ရခိုင်ပြည်နယ်မှာ ၁၄ ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၉ ခု၊ ရှမ်းပြည်နယ်တွင် ၈ ခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၆ ခုနှင့် နေပြည်တော်ကောက်စီတွင် ၁၂ ခုတို့ဖြစ်ပြီး လုပ်ငန်းများကို ဦးဆောင်လျက်ရှိရာ မိုးခေါင်ရေရှားရပ်ဝန်းဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီး များတွင် အကျိုးမပြုသည့် ဆည်များရှိပါကြောင်း၊ ၂၀၁၅ ခုနှစ် မိုးရာသီ၌ မိုးရွာသွန်းမှုနည်းပါးခြင်း၊ မိုးခေါင်ခြင်းများကြောင့် အချို့အရပ်ဒေသများတွင် ကွင်းဆင်းစစ်ဆေးချက်အရ မိုးရေချိန်သည် ယမန်နှစ်များထက် သုံးပုံတစ်ပုံသာ ဝင်ရောက်သည်ကို တွေ့ရှိရပါကြောင်း၊ ရေအနည်းငယ် ဝင်ရောက်နေသည့်အတွက် အကျိုးပြုနိုင်မှုစွမ်းအား ကျဆင်းလျက်ရှိပြီး ရေလှောင်တမံပေါင်း ၃၅ ခုရှိပါကြောင်း၊ အဆိုပါရေလှောင်တမံများမှာ စစ်ကိုင်းတိုင်းဒေသကြီး ၂ ခု၊ မကွေးတိုင်းဒေသကြီး ၂၄ ခု၊ မန္တလေးတိုင်းဒေသကြီး  ၉ ခုဖြစ်ပါကြောင်း၊ တမံရေဝပ်ဧရိယာနှင့် တမံအောက်ခြေ ဧရိယာများ မြေအောက်ဘူမိဗေဒ အခြေအနေများအရ သဲဆန်သည့် မြေအမျိုးအစားဖြစ်ပြီး ရေမနေသည့် အတွက်လည်းကောင်း၊ ကြေမွတိုက်စားလွယ်သော ထုံးကျောက်လွှာများ၏ သဘာဝကြောင့် ထူးပေါက်ငယ်များ ဖြစ်ပေါ်နေသည့်အတွက် ရေဆင်းဧရိယာအတွင်း သစ်တောများပြုန်းတီးပြီး မြေဆီလွှာတိုက်စားသည့်အတွက် တမံအတွင်း သဲနုန်းပို့ချကာ ရေထိန်းသိမ်းသိုလှောင်နိုင်ခြင်းမရှိသည့် ဖြစ်ရပ်များကြောင့် အကျိုးပြုစွမ်းအား ကျဆင်းသွားသည့် ရေလှောင်တမံပေါင်း ၁၀ ခုရှိပါသည်။ ၎င်းတို့မှာ စစ်ကိုင်းတိုင်းဒေသကြီး ခုနစ်ခု၊ မကွေတိုင်းဒေသကြီး နှစ်ခုနှင့် ရှမ်းပြည်နယ် တစ်ခု ဖြစ်ပါကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် နိုင်ငံအဝှမ်း ဖြန့်ကျက်ထိန်းသိမ်း တည်ဆောက်ထားသည့် ရေလှောင်တမံ ၂၃၅ ခုအနက် ရေဝင်ရောက်မှုကောင်းမွန်သော ရေလှောင်တမံများမှ မိုးစပါးရေပေးဝေခဲ့ပြီးနောက် ကျန်ရှိသိုလှောင်ရေနှင့် အယ်နီညိုရာသီဥတု ဖြစ်စဉ်၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ်လျက်ရှိသည့် နွေစပါးစိုက်ပျိုးရေးနှင့် ဒေသသောက်သုံးရေ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ရေဝင်ရောက်မှုနည်းပါးသည့် ရေလှောင်တမံများမှလည်း ဒေသတွင်းသောက်သုံးရေပေးဝေ လျက်ရှိသည့်အပြင် တမံရေဝပ်ဧရိယာအတွင်း စိုက်ပျိုးရန်ဆန္ဒရှိသည့် တောင်သူများကို သိုလှောင်ထားသည့် ရေပြင်ဧရိယာ အနီးပတ်ဝန်းကျင်တွင် စိုက်ပျိုးနိုင်ရန် ယာယီအစီအမံများ ခွင့်ပြုကာစိုက်ပျိုး လုပ်ကိုင်စေလျက်ရှိပါသည်။ တမံရေသိုလှောင်မှုကို မထိခိုက်နိုင်သည့် ရေဝင်ချောင်းအဝနေရာမျိုး ရေစုကန်ငယ်လေးများ တူးဖော်ပြီး စီးဝင်လာသမျှရေများကို စုစည်းအသုံးပြုနိုင်ရန်လည်း လက်ရှိအခြေအနေတွင် စီမံဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပြီးလည်းဖြစ်ပါကြောင်း၊ ရေစိမ့်ထွက်ခြင်း၊ နုန်းပို့ချခြင်းများကြောင့် ဝင်ရေအားထိန်းသိမ်း သိုလှောင် ထားနိုင်ခြင်းမရှိသည့် ရေလှောင်တမံများနှင့် ပတ်သက်ပြီး လိုအပ်သည့် စူးစမ်းလေ့လာတိုင်းတာမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရရှိလာသည့် အချက်များအပေါ် မူတည်ပြီး ဘိလပ်မြေသရွတ်မှုတ်သွင်းခြင်း၊ ရွံ့စေးမြေသားဖြင်‌့ ရေလုံးခင်းခြင်း၊ သဲနုန်းတူးဖော်ဖယ်ရှားခြင်း စသည့်လုပ်ငန်းများကို ရန်ပုံငွေရရှိမှုအပေါ် အခြေခံပြီး ဦးစားပေး အစီအစဉ်များချမှတ်ကာ လိုအပ်သည်‌့ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။