မေးခွန်း အကြောင်းအရာ
ရန်ကုန်တိုင်းဒေသကြီး၊ အေးမြသီတာရပ်ကွက် (ယခင် ဖလန်း ကျေးရွာဟောင်း)မှ လယ်သမားကြီး ဦးစိုးလှိုင်ပါ ၁၇ ဦး၏ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်စားသောက်လာခဲ့ကြသော လယ်မြေများကို ၁၉၉၇ ခုနှစ်က အိုးအိမ်ဦးစီး ဌာနမှ စက်မှုဇုန်ပြုလုပ်ရန်အကြောင်းပြ၍ သိမ်းဆည်းခဲ့သော်လည်း မည်သည့်စီမံကိန်းမှ အကောင်အထည်မဖော်ခဲ့သည့်မှာ ၁၅ နှစ်ကျော်ကြာမြင့်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ လွဲပြောင်းပေး ထိုမှတစ်ဆင့် ကုမ္ပဏီ ခြောက်ခု ဖြစ်သော (၁) ဦးပိုင်၊ (၂) ထူး (ခေါ်) ဧရာရွှေဝါ၊ (၃) မက်(စ်)မြန်မာ၊ (၄) Asia Wall၊ (၅) အင်ဒီ၊ (၆) Dagon International ကုမ္ပဏီများသို့ ရောင်းချခဲ့ပါကြောင်း၊ ယင်းကိစ္စနှင့် တောင်သူလယ်သမားကြီး ၁၈ ဦးမှာ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကို အကြိမ်ကြိမ် တင်ပြခဲ့ပြီး လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်ကုမ္ပဏီခြောက်ခုနှင့် လယ်သမား များ အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့နောက် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း(၂)၊ ၁၀(ခ)တွင် ဦးစိုးလှိုင်အပါအဝင် လယ်သမား ၁၈ ဦး၏ သိမ်ဆည်းခံရသော လယ်ဧက ၁၈၀ နှင့်စပ်လျဉ်း၍ နစ်နာကြေးပေးရန် ကော်မရှင်မှ ကုမ္ပဏီများနှင့် လယ်သမားများ တွေ့ဆုံညှိနှိုင်းခဲ့ပြီး နှစ်ဦးနှစ်ဖက် နစ်နာကြေး များ စိစစ်ထုတ်ပေးရန် ဆောင်ရွက်လျက်ရှိသည်ဟု အစီရင်ခံစာထုတ်ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ နစ်နာ ဆုံးရှုံးသူလယ်သမားကြီး ၁၈ ဦးအနက်မှ ဦးမြင့်သိမ်း၏ စက်မှုဇုန်သိမ်း လယ်မြေ ၁၀ ဧကကို New Day ကုမ္ပဏီက ၉-၉-၂၀၁၄ ရက်တွင် တစ်ဧက သိန်း ၇၀ နှုန်းနှင့် သီးနှံကြေး ၂၅၀၀၀၀ အပါအဝင် တစ်ဧက ၇၂၅၀၀၀၀ ပေးလျော်ခဲ့ပြီးဖြစ်သော်လည်း ကျန်လယ်သမား ၁၇ ဦး မှာ ယနေ့ထိတိုင်အောင် လျော်ကြေးငွေရရှိခြင်း မရှိသေး သည့်အတွက် သက်ဆိုင်ရာကုမ္ပဏီများမှ ကရုဏာကြေး၊ လျော်ကြေးများကို မည်သည့်အချိန်တွင် ပေးအပ်မည်နှင့် မပေးနိုင်သေးပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်များအနေဖြင့် နောင်အနာဂတ်တွင် တိုးတက် များပြားလာသော ကုန်စည်များနှင့် တန်ချိန် ၂၀၀၀၀နှင့်အထက် သင်္ဘောများ ဝင်/ထွက်ဆိုက်ကပ်နိုငသည့် ဆိပ်ကမ်းများတိုးချဲ့ရန် သီလဝါဒေသကို ရွေးချယ်ခဲ့ပါကြောင်း၊ သီလဝါဆိပ်ကမ်းက တန်ချိန် ၂၀၀၀၀ နှင့် ရေဆူး ကိုးမီတာ ကို လက်ခံနိုင်မည်ဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်း တန်ချိန် ၁၅၀၀၀ နှင့် အလျား ၁၆၇ မီတာရှိ သင်္ဘောငယ်များကို လက်ခံနိုင်မည်ဖြစ်သည့်အပြင် နောက်နှစ်ပေါင်း ၃၀ အထိသာလျှင် ဆိပ်ကမ်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာဆိပ်ကမ်း အာဏာပိုင်အနေဖြင့် ၁၉၉၇-၁၉၉၈ခုနှစ်တွင် မြို့/ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြေကို ဥပဒေနှင့်အညီ လွှဲပြောင်းရယူခဲ့ပြီး အဆိုပါ မြေနေရာပေါ်တွင် ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် မြေကွက်တစ်ကွက် လျှင် ၃၇ ဧကကျယ်သည့် မြေကွက်ပေါင်း ၃၇ ကွက်ကို ဖော်ထုတ်ခဲ့ပါကြောင်း၊ အဆိုပါ မြေကွက်များအနက်မှ မြေကွက် ခြောက်ကွက်ကို ပထမဆုံး Myanmar Integrated Port Ltdနှင့် Myanmar International erminal Thi La Wa တို့အနေဖြင့် ၁၉၉၅ တွင် စတင်အကောင်အထည်ဖော်ပြီး ၁၉၉၇-၁၉၉၈ တွင် စတင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ထို့နောက် ၁၉၉၇-၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် စီးပွားရေးဖွံ့ဖြိုးမှုမရှိဘဲ မြေကွက်များ လစ်လပ်ပါနေကြောင်း၊ ၂၀၀၀ ခုနှစ်တွင် သီလဝါ ဆိပ်ကမ်း၏ ၁၅၀၃ ဧကကို ရန်ကုန်တိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းမြေအဖြစ် အသုံးချဖို့ရန် (လ/န ၃၉) ထုတ်ပေးခဲ့ပါကြောင်း၊
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ဌာနမြေအဖြစ်နဲ့ ခွင့်ပြုချက် ရရှိပြီး ရင်းနှီးမြှုပ်နှံမှုများ စောင့်ဆိုင်း နေဆဲကာလတွင် အဆိုပါလစ်လပ်မြေပေါ်သို့ တောင်သူလယ်သမားများ စိုက်ပျိုးလုပ်ကိုင်ကြပြီး ဆိပ်ကမ်းအနေဖြင့် ှ အနှောင့်အယှက်ပေးခြင်း၊ ငွေကောက်ခံခြင်း၊ သီးစားခကောက်ခံခြင်း ပြုလုပ်ခဲ့ခြင်းမရှိပါကြောင်း၊ ၂၀၁၀ ခုနှစ်တွင် စီးပွားရေးအခြေအနေ ပြောင်းလဲလာဖွံ့ဖြိုးလာပြီး အဝင်သင်္ဘောအတွက် ဆီကွက်များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် နေရာချထားပေးခဲ့ပါကြောင်း၊ အကွက် ၁၄ မှ ၁၉ အထိအကွက်များသည် စီးပွားရေး ဦးပိုင်လီမိတက်၊ Elite Petrol Chemical၊ Nice Myanmar၊ Ring Asia၊ ဒင်ဂို၊ တူရိယ Energy၊ နောက် New Day စသည့် ကုမ္ပဏီများ၏ ဆီတင်ချဆိပ်ကမ်းတွေဖြစ်ပါကြောင်း၊ အကွက်အမှတ် ၁၉ မှ ၃၃ တွင် လုပ်ကိုင်နေသော တောင်သူလယ်သမားများက လျော်ကြေးတောင်းခံလာသည့်အတွက် ၂၀၁၃ ခုနှစ်တွင် လျော်ကြေးတောင်းခံလာ သည့် လယ်သမား ၁၈၈ ဦးနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပါကြောင်း၊ မြန်မာ့ဆိပ်ကမ်းအနေဖြင့် ကိုယ်ပိုင်ဆောင်ရွက်ခြင်းသည် ၂၄၊ ၂၅၊ ၂၆ သာဖြစ်ပြီး ကျန်အကွက်များသည် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီများက ဆောင်ရွက်သည့်အတွက် ကုမ္ပဏီများနှင့် လယ်သမားများ အကြားမှာ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါကြောင်း၊ ထို့နောက် လျော်ကြေးတောင်းခံသည့် လယ်သမား ၁၈၈ ဦးအနက် ကိုယ်စားလှယ် ရှစ်ဦးကိုရွေးချယ်၍ သုံးကြိမ်ခန့် ညှိနှိုင်းပြီး သိန်းပေါင်း ၃၀၀၀၀ ကျော် လျော်ကြေးပေးခဲ့ပါကြောင်း၊ ယခုလျော်ကြေးတောင်းခံသည့်ကိစ္စသည် အကွက်နံပါတ် ၁၄နှင့် ၁၈ များကို တောင်းခံရာတွင်လည်ကောင်း၊ လျော်ကြေးတောင်းခံလာသည့် လယ်သမား ၁၈၈ ဦးစာရင်းတွင် လည်းကောင်းပါဝင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စကို ဆက်လက်ဆောင်ရွက်ရန် ၉ ရက်၊ ၁၀ ရက်နေ့ များတွင် ကုမ္ပဏီများနှင့် လျော်ကြေးတောင်းခံ လယ်သူများအကြား တွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ ပါကြောင်း၊ ထပ်မံ၍ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ရန် ၁၇ ရက်နေ့တွင် ပြုလုပ်ရန် ဆောင်ရွက်ထားပါကြောင်းနှင့် အဆိုပါ တွေ့ဆုံညှိနှိုင်းပွဲတွင် မူလအကွက် ၁၄နှင့် ၁၈ တွင်ပါဝင်သော မြေကွက်များအတွက် အထောက်အထားများ ပြည့်စုံစေရန်၊ မျှမျှတတ တိတိကျကျ ဖြစ်စေရန်တို့အတွက် မြေစာရင်း ၁၅၊ ၁၆ တွင် ညှိနိုင်ရန်ဆောင်ရွက်ထား ပါကြောင်း၊ ထို့ကြောင့် မြေစာရင်းတွင် အသေးစိတ် အတိုင်းအတာများ ရရှိပြီးချိန် ၁၇ ရက်နေ့ခန့်တွင် အစည်း အဝေးပြုလုပ်ရန် ဖိတ်ကြားထားပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုပါ မေးခွန်း မေးမြန်းဖြေကြားချက်များအပေါ် သုံးသပ်ပြောကြားရာတွင်
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီသည် နိုင်ငံတော်အစိုးရကလည်း ယခု ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ထိုသု့ိ ပြန်လည် စိစစ်ရာတွင် နစ်နာသူလယ်သမားများအား ဂရုဏာကြေး၊ လျော်ကြေး ပေးရန် ကတိကဝတ်ရှိထားသည်ဆိုပါက အဆိုပါကိစ္စကို အလေးအနက်ထား ထည့်သွင်းစဉ်းစားပေး နှိုးဆော် ပါကြောင်းဖြင့် သုံးသပ်ပြောဆိုပါသည်။
