(ခ)-စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့နယ်သည် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံ မှုကြောင့် ပျက်စီး သွားသော လယ်မြေ ဧက (၄၀၀၀)ကျော် ရေပေးဝေနိုင်သည့် မြောင်းချောင်း ဆည်အားပြန်လည်ပြုပြင် ထိန်းသိမ်းရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၁၁.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

aye aye muစစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်သည် လွန်ခဲ့သော ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် လယ်ယာဧက (၈၀၀၀၀) ကျော်နှင့်အတူ နတ်တံခါးဆည် မြောင်းချောင်းဆည်များနှင့် လယ်ရေသွင်းရေ ထွက် မြောင်းများပါ မကျန် ပျက်စီး ဆုံးရှုံးရပါကြောင်း၊ နတ်တံခါးဆည်သည် လယ်မြေဧက (၂၀၀၀)ကျော်ကိုလည်းကောင်း၊ မြောင်းချောင်းဆည်သည် လယ်မြေဧက (၄၀၀၀) ကျော်ကိုလည်းကောင်း ရေပေးဝေနေသော ဆည်များ ဖြစ်ကြပါကြောင်း၊ လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးသည် ဘတ်ဂျတ်၌ နတ်တံခါးဆည်ကို ပြန်လည်တူးဖော်လျာထားကြောင်း သိရသော်လည်း မြောင်းချောင်းဆည်အတွက် တစ်စုံတစ်ရာပြုပြင် ထိန်းသိမ်းမည်ဖြစ်ကြောင်း ကြားသိရခြင်းမရှိ သည့် အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကလေးမြို့နယ်အတွင်းရှိ တောင်သူလယ်သမားအတွက် အရေးပါလှသော ဆည်များ၊ ရေသွင်းရေထုတ် မြောင်းများကို ဦးစားပေးအဆင့်သတ်မှတ်၍ အဓိကအားဖြင့် လယ်မြေဧက (၄၀၀၀)ကျော် ကို ရေပေးဝေနေသော “မြောင်းချောင်း” ဆည်အား တူးဖော်ပြုပြင် ထိန်းသိမ်းရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
အဖြေ
ဖြေကြားချက် 

dr tun winစစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ဆည်တောကျေးရွာအနီးရှိ မြောင်းချောင်းရေပေးမြောင်းသည် ၂၀၁၁-၁၂ ခုနှစ်တွင် ကျေးရွာတောင်သူများမှ ကိုယ်ထူကိုယ်ထတူးဖော်ဆောင်ရွက်ခဲ့သော ကျေးရွာမှ ထိန်းသိမ်းထား သည့် ရေပေး မြောင်းဖြစ် ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ် တွင် သစ်ရိုက်ကျောက်ဖြည့် ရေလွှဲ ဆည်နှင့် ရေပေးမြောင်းထိပ်ရေတံခါးအား ဖြည့်စွက်တည်ဆောက်ပေးခဲ့ပါကြောင်း၊

 မြောင်းချောင်းရေလွှဲဆည်နှင့် ရေပေးမြောင်းသည် ကလေးမြို့နယ်တောင်ဘက်ရှိ ကျေးရွာ ငါးအုပ်စုဖြစ်သော ရွာစည်ရွာသာ၊ မြောက်စည်း၊ တောင်စည်း၊ ကျော်ရွာ၊ ခုံတုံမြို့သာကျေးရွာအုပ်စုတို့မှ လယ်ဧက ၄၀၀၀ ကျော်အား မိုးစပါးစိုက်ပျိုးရေပေးဝေ လျက်ရှိပြီး ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် ရေလွှဲဆည်နှင့် ရေပေးမြောင်းထိပ်ရေတံခါး ပျက်စီးသွားပြီး ရေပေးမြောင်းအတွင်း ပေ ၃၀၀၀ ခန့် သဲနုန်းများပို့ချခဲ့သဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် တွင် မြောင်းချောင်းရေပေးမြောင်း အတွင်း သဲနုန်းတူးဖော်ခြင်းနှင့် ရေပေး အဆောက် အအုံများ ပြုပြင်ဆောက်လုပ်ခြင်း လုပ်ငန်းများကိုဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရေလွှဲဆည်နှင့်ရေပေးမြောင်း ထိပ်ရေတံခါးမှာ ပြုပြင်အသုံးပြုရန် မသင့်လျော်တော့ သဖြင့် ယခင်ရေပေး‌မြောင်းထိပ်ဝမှ အထက် ၄၀၀ ပေ အကွာတွင် ပြောင်းရွှေ့တည်ဆောက်ပြီး ရေပေးဝေနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ရေလွှဲ ဆည်နှင့် မြောင်းထပ်ရေတံခါး တည်ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်နိုင်ရန် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေတွင် လျာထား ခွဲဝေပြီးဖြစ်ပါသဖြင့် လုပ်ငန်းများစတင် ဆောင်ရွက်လျက် ရှိနေပြီဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။