မေးခွန်း အကြောင်းအရာ
လက်ပံတန်းမြို့ အနောက်ခြမ်းဒေသတွင် ကျေးရွာအုပ်စုပေါင်း(၂၃) အုပ်စု၊ ကျေးရွာခွဲပေါင်း (၁၁၀)နှင့် အိမ်ထောင်စုပေါင်း (၂၀၀၀၀)ကျော်၊ လူဦးရေပေါင်း (၈၀၀၀၀)ခန့် နေထိုင်ကြပြီး လယ်မြေဧက (၅၀၀၀၀)၊ ကိုင်းမြေဧက(၁၅၀၀၀)နှင့် ငါးမွေးမြူခြင်းလုပ်ငန်းတို့ဖြင့်အသက်မွေးဝမ်းကျောင်း ပြုနေကြရပါကြောင်း၊ ဧရာဝတီမြစ်၊ မြစ်မခမြစ်တို့နှင့် နီးကပ်စွာနေထိုင်ကြ ရသည့်အတွက် နှစ်စဉ် မြစ်ရေကြီးမှုကို (၂၃)မိုင်၊ ရှည်လျားသော ဧရာဝတီမြစ်ရေကာတာ၊ ခမုံညောင်ပင်သာရေ ကာတာ၊ ကျီးပင်ဆိပ်-အိုးဖိုဆိပ်ရေကာတာ၊ ခမုံ-ဆင်လမ်းရေကာတာ၊ ဖိုးကတိုးရေကာတာ၊ မြင်ကဝ- ကျောက်အိုင် ရေကာတာများဖြင့် ကာရံပေးထား ရပါကြောင်း၊
ရေကာတာအများစုသည် နှစ်ပေါင်းကြာမြင့်စွာ ပြုပြင်ထိန်းသိမ်းမှု အားနည်းခဲ့၍ တာလျော့တာနိမ့်မှု ဖြစ်ခြင်း၊ ထူးပေါက်များစွာရှိနေခြင်း၊ မြစ်ကြမ်းပြင် မြင့်တက်လာခြင်းများကြောင့် နှစ်စဉ် တာပေါ် ရေကျော်ခြင်းများကို ရွာသူရွာသားများက ကိုယ်အားကိုယ်ကိုးလုပ်အားဖြင့်တာမကျိုးပေါက်စေရန် နေ့ညကြိုးစားအားထုတ်ခဲ့ရမှုတွင် နှစ်စဉ်ဖြစ်နေ ပါကြောင်း၊ နှစ်စဉ်စိုးရိမ်သောကဖြင့် ပင်ပန်းဆင်းရဲကြီးစွာ မြစ်ရေကြီးမှုအန္တရာယ်ကို ကာကွယ်နေရပါကြောင်း၊
ဤသို့ဖြင့် ၂၀၁၅ ခုနှစ် ဇွန်လနှင့် ဇူလိုင်လများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် ဧရာဝတီမြစ်ရေလျှံမှုကြောင့် လက်ပံတန်းမြို့သည်လည်း အပါအဝင်ဖြစ်၍ (၂၃)မိုင် မျှရှိသော ဧရာဝတီရေကာတာ အနှံံ့အပြားတွင် (၃)ပေနီးပါး မြစ်ရေလျှံမှုကြောင့် ရေကာတာအောက်ဘက်ရှိ ကျေးရွာသူ/သားများမှာ နေ့ရောညပါ သဲအိတ်ပေါင်း (၂၀၀၀၀၀)ကျော်ဖြင့် မျှော်လင့်ချက်နည်းစွာ တွန်းလှန်အနိုင်ယူခဲ့ရပါကြောင်း၊ သို့သော် မြစ်မခရေကာတာသည် နှစ်ပေါင်းများစွာ ပြုပြင်ခြင်းမရှိခဲ့၍ မြစ်ရေ၏တွန်းကန်မှုကို အရှုံးပေးလိုက်ရခြင်းကြောင့် နေရာပေါင်း (၂၀)ကျော် ကျိုးပေါက်သွားခဲ့ပါကြောင်း၊ ဆုံးရှုံးမှုသည် လယ်ဧကပေါင်း(၁၈၅၃၈) ဧက၊ ငါးကန် ဧက (၃၀၀၀)ကျော်၊ လက်ပံတန်း-သာရဝေါ မဟာဗျူဟာလမ်းနှင့် ၎င်း လမ်းပေါ်ရှိ တံတား(၃)စင်း၊ ခမုံရေကန်လမ်းပေါ်ရှိ တံတား(၂)စင်း၊ လက်ပံတန်း-သာရဝေါ မီးရထားလမ်းပေါ်ရှိ တံတားတစ်စင်းမှာ ပျက်စီးမျောပါခဲ့သဖြင့် ယနေ့ထက်တိုင် သွားရေးလာရေးတွင် ဒုက္ခများစွာဖြင့် လက်ပံတန်းပြည်သူများ ခံစားနေရပါကြောင်း၊ သို့ဖြစ်ပါ၍ တာနိမ့်တာလျောနှင့် တူးတွင်းများရှိနေသော အန္တရာယ်ရှိ ဧရာဝတီရေကာတာအား တာပုံစံကျ၍ လုံခြုံစိတ်ချရသော တာဖြစ်စေရန်နှင့် ယခုလက်ရှိကျိုးပေါက်သွားသော မြစ်မခရေကာတာအား ၂၀၁၆ ခုနှစ် မိုးမကျမီ ပြန်လည်ပြုပြင် ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဘေး ကာကွယ်ထားသည့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတာရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ထိန်းသိမ်းထားသောတာများဖြစ်ပြီး မိုးညိုမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာမှစတင်၍ ဇလွန်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအထိ အလျား ၂၇ မိုင် ၆ ဖာလုံ ရှည်လျားပါကြောင်း၊ ထို့အတူ မြစ်မခမြစ်အနောက်ဘက် ရေဘေးကာကွယ်ရေးတာများဖြစ်သော ခမုံ-ညောင်ပင်သာတာ အလျား ၆ မိုင်၊ ခမုံ-ဆင်လမ်းတာ အလျား ၇ မိုင်၊ အသရော်အိပ် လဟာတာ အလျား ၆.၅ မိုင်၊ မြစ်မခမြစ် အရှေ့ဘက်ကမ်း ရေဘေးကာကွယ်ရေးတာများဖြစ်သော ကျီးပင်ဆိပ်-အိုးဘိုတန်းတာ အလျား ၅ မိုင်၊ မြစ်ကဝကျောက်အိုင်တာ အလျား ၇ မိုင်၊ ဖိုးကတိုးတာ အလျား ၄ မိုင် ၃ ဖာလုံတို့သည်လည်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ထိန်းသိမ်းထားသော တာများဖြစ်ပြီး မြစ်မခမြစ် ရေဘေးကာကွယ်ရန် တည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊
၂၀၁၅ ခုနှစ် ဇူလိုင်လလယ်မှစ၍ မြန်မာနိုင်ငံ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဧရိယာအတွင်း မိုးများ ထူးကဲစွာရွာသွန်းခြင်း၊ ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် မြစ် အထက်ပိုင်းမှ ထပ်မံစီးဆင်းလာသော မြစ်ရေများမကြုံစဖူး ထူးကဲစွာ မြစ်ရေ မြင့်တက်မှုမြန်ဆန်ခဲ့ပြီး ရေဘေးကာကွယ်ရေးတာများတွင် စိုးရိမ်ရသော အနေအထားသို့ ရောက်ရှိလာပါကြောင်း၊ ဧရာဝတီမြစ်ရေသည် မိုးညိုမြို့နယ်ရှိ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတာ၏ စိုးရိမ်ရေအမှတ် ငါးပေထက်ကျော်လွန်ခဲ့ပြီး တာတမံများ ထူးပေါက်များပေါက်ခြင်း၊ တာအိတာလျောခြင်း၊ တာပေါ်ရေကျော်ခြင်းများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ တာထိပ်နိမ့်သည့် နေရာများတွင် သဲအိတ်ဆင့်ခြင်း၊ ထူးပေါက်များအား ရေခွေများ အခိုင်အမာပြုလုပ်ကာကွယ်ခြင်း၊ တာနောက်မှ ကတုတ်တန်းရိုက်၍ မြေဖို့ခြင်း၊ တာရှေ့မှ လှိုင်းကာ၊ ရေကာတန်းများရိုက်၍ ကာကွယ်ခြင်း စသည်ဖြင့် အရေးပေါ်ကာကွယ် ဆောင်ရွက်ခဲ့ပါကြောင်း၊ အလားတူ ဧရာဝတီမြစ်၏ မြစ်ခွဲတစ်ခုဖြစ်သည့် မြစ်မခမြစ်၏ အနောက် ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်းမှ ရေဘေးကာကွယ်ရေးတာများ၏ မြစ်ရေမှတ်များမှာ စိုးရိမ်ရေမှတ်ထက် ပိုမိုကျော်လွန်မြင့်တက်ခဲ့သဖြင့် အရေးပေါ်တာကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရပါကြောင်း၊ မိုးရွာသွန်းမှုများပြားပြီး မြစ်ရေမြင့်တက်မှု မြန်ဆန်ခြင်း၊ မြစ်ရေကြီးချိန် ကြာမြင့်ခြင်းတို့ကြောင့် ရေဘေးကာကွယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရင်း မြစ်မခအနောက်ဘက်မြစ်ကမ်းဖြစ်သော အသရော်အိပ်လဟာတာတွင် တာထိပ်ပေါ် ရေကျော်ပြီး ကျိုးပေါက်မှုဖြစ်ခဲ့ပါကြောင်း၊ အဆိုပါကျိုးပေါက်ခဲ့သည့် အသရော်အိပ်လဟာတာအား ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေဖြင့် အခိုင် အမာ ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း တာ(ကွမ်းသီး တစ်ပင်တာ)တွင် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းအပိုင်းအလိုက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း မူလခွင့်ပြုရန်ပုံငွေတွင် ခွဲဝေရရှိပြီးဖြစ်၍ လုပ်ငန်းများစတင် ဆောင်ရွက်နေပြီပါကြောင်း၊ ထို့အတူ မြစ်မခမြစ် အနောက်ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်း ရေဘေးကာကွယ်ရေး တာများဖြစ်သော ခမုံ-ညောင်ပင်သာတာ၊ ခမုံ-ဆင်လမ်းတာ၊ ကျီးပင်ဆိပ်-အိုးဘိုတန်းတာ၊ မြင်ကဝကျောက်အိုင်တာနှင့် ဖိုးကတိုးတာ ပြုပြင်ခြင်းလုပ်ငန်းများကိုလည်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရ၏ မူလ ခွင့်ပြုရန်ပုံငွေတွင် ခွဲဝေရရှိပြီးဖြစ်၍ လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဦးကျော်မင်း(လက်ပံတန်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိတို့ မြစ်မခရေကာတာကို လုံခြုံအောင် အဆင့်မြှင့်တင်ပေးနေပြီလည်းဖြစ်ပါကြောင်း၊ မြစ်မခရေကာတာ၏ အရှေ့ဘက်ခြမ်း ရေကာတာအတွင်းက လယ်သမားများမှာ စိတ်ချရခြင်းဖြစ်သောကြောင့် မြစ်မခမြစ်၏ အနောက်ဘက်ခြမ်း ရေကာတာအတွင်းမှာ လယ်သမား များက စိတ်မချရသည့်အတွက် သူတို့၏အနောက်ဘက် ၁၀ မိုင်အကွာတွင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ရေကာတာက ရှိနေခြင်းကြောင့်ဖြစ်ပါသည်။ ၎င်း ရေကာတာနှစ်ခုကြားတွင် ကျေးရွာအုပ်စုက ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၁၄၀ ကျော်နှင့် လယ်မြေဧကပေါင်း ၅၀၀၀၀ ကျော်ရှိနေပါကြောင်း၊ ထို့ကြောင့် လယ်သမားများအတွက် ဧရာဝတီရေကာတာသည်လည်း စိတ်ချရအောင် ပြုပြင်ပေးနိုင်မှ စိတ်အေးရမည်ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်ရေကာတာ၏ အရှည်မိုင်က ၂၃ မိုင်ရှိပါကြောင်း၊ လက်ပံတန်း အနောက်ခြမ်း တစ်ခြမ်းလုံးနှင့် မြစ်မခကို ၎င်း ဧရာဝတီရေကာတာမှ ကာကွယ်ပေးထားခြင်း ဖြစ်ပါကြောင်း၊ ၁၉၈၂ ခုနှစ် ကွမ်းသီးတစ်ပင်ရေကာတာ ကျိုးပေါက်ခဲ့စဉ်က ဧရာဝတီမြစ်ရေသည် မြစ်မခမြစ်ကိုကျော်ပြီး လက်ပံတန်းမြို့၏အခြေကို ရောက်ရှိခဲ့ပါကြောင်း၊ ဧရာဝတီရေကာတာ သည် နှစ်ပေါင်းများစွာ တာအကြီးစားမပြင်ဆင်နိုင်သည့်အတွက် တာပေါင်များနိမ့်ကျလာခြင်း၊ တာလုံးများသေးလာခြင်း၊ တာခြေများလျော့ကျနေခြင်း၊ တာပေါင်များကွဲအက်လာခြင်း၊ ခြတွင်း၊ ကြွက်တွင်းများကြောင့် ရေဝင်ပြီး ဂူလိုဏ်ကျင်း များဖြစ်ပေါ်လာပြီး တာအတွင်း ဘက်ကို ထူးပေါက်များမှ ရေပွက်ကြီးများ ပွက်ထလာခြင်း၊ မြစ်ကြမ်းပြင်မြင့်တက်လာခြင်းတို့ကြောင့် တာများတစ်လျှောက် ရေဝိတ်နှင့် လှိုင်းပုတ်သည့်ဒဏ်ကို ခံနိုင်ရည်မရှိခြင်း ဖြစ်နေ ပါကြောင်း၊ ရေကာတာ တစ်လျှောက် နှစ်စဉ် မြစ်ရေ သည် ၆ လက်မမှ ၂ ပေ အထိ ရေကျော်တိုက်စားခြင်းကြောင့် ကျေးရွာလူထု၏လုပ်အားဖြင့် ကာကွယ်ခဲ့ရသည့် နှစ်ပေါင်းသည်လည်း မနည်းပါကြောင်း၊ ကွမ်းသီးတစ်ပင်တာ၏သမိုင်းတွင် သုံးခါကျိုးပေါက်ခဲ့သည့်အတွက် လယ်ဧက ၅၀၀၀၀ ကျော်ပျက်စီးခဲ့ပြီး လူဦးရေ တစ်သိန်းကျော် ရေဘေး ဒုက္ခရောက်ခဲ့ရပါကြောင်း၊ ဥပမာ အိုင်တလုတ်ရေကာတာသည် ယခု ကမ်းပြိုနေခြင်းမှာ ပေ ၃၀ ကွာပါကြောင်း၊ နေအိမ် ၁၉ လုံး ကမ်းပြိုသည့်အထဲပါသွားပြီး ၂၃ မိုင်အတွင်း ထူးကျင်းပေါင်းသည်လည်း ၂၇၀ ကျော်ရှိပါကြောင်း၊ ထို့ကြောင့် ဧရာဝတီရေကာတာသည် ယခုနှစ် မိုးရာသီမတိုင်မီ အကြီးစားမပြင်ဆင်နိုင်ခဲ့လျှင်လည်း အန္တရာယ်ရှိနေသည့် နေရာများကို ကြိုတင်ကာကွယ်ထားရန် လိုအပ်ပါကြောင်း၊ ယခုလာမည့် မိုးရာသီတွင် တောင်သူလယ်သမားများ စိတ်အေးချမ်းသာစွာ စပါး စိုက်ပျိုးနိုင်အောင် ကြိုတင်ကာကွယ်ပေးမည့် အစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
မိမိတို့ ကာကွယ်လုပ်ဆောင်ရမည့် နိုင်ငံ၏အဓိကစိုက်ပျိုးမြေ၊ လယ်သမားများနှင့် ထိခိုက်နစ်နာမည့် ကိစ္စဖြစ်သည့်အတွက် ဧက ၅၀၀၀၀။ ဧရာဝတီမြစ်ရေကာတာ ၂၃ မိုင်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယခု အစည်းအဝေးပြီးပြီးချင်း အရေးတယူဆောင် ရွက်ရန် ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနနှင့်ညှိနှိုင်းပြီး ယခု မေလအတွင်း ကျန်ရှိသည့် ၁၉ ရက်ဖြင့် ဟိုဘက်က ကာလတွင် တာကြီးများကို ပြုပြင်ထိန်းသိမ်းရန် ငွေကြေးအခက်အခဲရှိခဲ့မည်ဆိုပါကလည်း ရေကာတာကို ပန်းတာဘာညာ ကာကွယ်ရေးကို အလေးအနက်ထားပြီး ဆောင်ရွက်ရန် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဝန်ကြီးအား အသိပေးပြီး ဆောင်ရွက်သွားပါမည်ဆိုသည့် အကြောင်းကို မိမိဘက်မှ ကတိပြုအပ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
