မေးခွန်း အကြောင်းအရာ
မိမိတို့နိုင်ငံ၏ မြို့/ရွာအချို့တွင် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ မီးဘေးအန္တရာယ်များဖြစ်ပွားခဲ့ပြီး ရန်ကုန်မြို့ မင်္ဂလာဈေး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ နမ့်စန်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျောက္ကာမြို့၊ မန္တလေးမြို့ မင်္ဂလာဈေးတို့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုများသည်လည်း စံချိန်သစ်တင်ရသည် အထိ ဆုံးရှုံးမှု ပမာဏများ ကြီးမားခဲ့ပါကြောင်း၊ မီးလောင်မှုများကို လေ့လာကြည့်ရာတွင် မီးကြွင်း မီးကျန်များကို ပေါ့ဆစွာထားရှိခြင်း၊ လျှပ်စစ်မီးနှင့် မီးလောင်ပေါက်ကွဲစေသည့် ပစ္စည်းများ အသုံးပြုရာတွင် ပေါ့ဆစွာ သုံးစွဲခြင်းတို့ကြောင့် မီးလောင်မှုများ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊
ထိုသို့ ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုများသည် (၁) အဆောက်အဦနေရာ ထိုင်ခင်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ခေတ်မီ၊ စံချိန်မီပစ္စည်းကိရိယာများ ကြိုတင်တပ်ဆင်ပြင်ဆင်မှု အားနည်းခြင်း၊ (၂) မီးသတ်ကားများ အလွယ်တကူဝင်/ထွက်သွားလာနိုင်မှု၊ မီးငြှိမ်းသတ်ရန် ရေ အလွယ် တကူရရှိနိုင်မှုစသည့် မြို့ပြဆိုင်ရာလိုအပ်ချက်များ ပြည့်စုံစွာမရှိခြင်း၊ (၃) မီးလောင် ပေါက်ကွဲစေတတ် သည့် ပစ္စည်းနှင့် လောင်စာဆီများကို လူနေရပ်ကွက်များတွင် သိုလှောင်ထားရှိ ရောင်းချခြင်း စသည့် အချက်များကြောင့် မီးလောင်ဆုံးရှုံးမှုပမာဏများ ကြီးမားလာရသည်ကိုလည်း တွေ့ရှိရပါကြောင်း၊
မိမိတို့နိုင်ငံတွင် ကျရောက်ခဲ့သည့် လေဘေး၊ ရေဘေး၊ မီးဘေး အန္တရာယ်များအနက် မီးဘေး အန္တရာယ် ဖြစ်ပွားမှုသည် ၇၀ ရာခိုင်နှုန်းရှိပြီး မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကို ကြိုတင်ကာကွယ်နိုင်ရန် ပညာပေးလှုံ့ဆော်မှုများ၊ တိုက်တွန်းမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက် ရှိသော်လည်း မီးလောင်မှုများက တိုးပွားနေပြီး ဆုံးရှုံး ပျက်စီးရသည့် ပမာဏများဟာလည်း တိုးတက်လျက်ရှိပါကြောင်း၊
ထို့ကြောင့် (၁) နိုင်ငံတော် အစိုးရ၌ မီးဘေးကာကွယ်ရေးအတွက် စနစ်ကျန၍ ပိုမိုထိရောက်မှုရှိသော အစီအမံများရှိ/မရှိ။ (၂) ရှိပါက ယင်းတို့ကို မည်သို့အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မီးသတ်ဦးစီးဌာနကို နိုင်ငံတော်နှင့်ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်များ၊ ကုန်ထုတ်အရင်း အနှီးများကို မီးဘေးအန္တရာယ်မှ ကာကွယ်တားဆီးရန်နှင့် သဘာဝဘေး အန္တရာယ်အပါအဝင် အခြား ဘေးအန္တရာယ်များ ကျရောက်သောအခါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက် နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားပါကြောင်း၊ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့်ရည်မှန်းချက်လေးရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ မီးဘေးလုံခြုံရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မီးသတိမူရေးလုပ်ငန်း၊ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းစသည်ဖြင့် အပိုင်းသုံးပိုင်းခွဲ၍ လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ ဥပဒေ ၂၀၁၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၁/၂၀၁၅ နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နည်းဥပဒေများကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့တို့တွင် ခေတ်စနစ်နှင့် လိုက်လျောညီထွေမှုရှိစေရေးအတွကအသစ်ပြင်ဆင် ရေးဆွဲပြဋ္ဌာန်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ ပုဒ်မ ၄ အရ မီးသတ်လုံခြုံရေးဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဌာနမှ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ၊ မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများမှ အကြီးအမှူးများ၊ မီးဘေးလုံခြုံရေးကို စိတ်ပါဝင်စားသည့် စေတနာ့ဝန်ထမ်း ပုဂ္ဂိုလ်များမှ အဖွဲ့ဝင်များ အဖြစ်လည်းကောင်း၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အတွင်းရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်မှာ တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း ဖွဲ့စည်းပြီး နိုင်ငံတော်၏ မီးဘေးလုံခြုံရေး လုပ်ငန်း များကို ကြပ်မတ်ဆောင်ရွက် လျက်ရှိခြင်း၊ မီးဘေးလုံခြုံရေးဗဟိုအဖွဲ့သည် မီးဘေးလုံခြုံရေး ဆိုင်ရာ လုပ်ငန်းစဉ်များချမှတ်ခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးအတွက် မီးသတ် တပ်ဖွဲ့မှ ကူညီဆောင်ရွက်မည့်အစီအစဉ်များ ချမှတ်ခြင်း၊ မီးဘေးလုံခြုံရေးအဖွဲ့အဆင့်ဆင့်၏ လုပ်ငန်း တာဝန်များကို ကြီးကြပ်ကွပ်ကဲခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ မီးသတ် တပ်ဖွဲ့လုပ်ငန်းများကို စစ်ဆေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ လမ်းညွှန်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခြင်း စသည့်လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဥပဒေပုဒ်မ ၆ အရ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မီးဘေးလုံခြုံရေးအဖွဲ့မှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမီးဘေးလုံခြုံရေးအဖွဲ့များအထိ မီးဘေးလုံခြုံရေးအဖွဲ့အဆင့်ဆင့်ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်အလိုက် ဖွဲ့စည်းထား သည့် မီးဘေးလုံခြုံရေးအဖွဲ့များအနေဖြင့် မီးဘေးကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ဖွဲ့စည်းထားသော မီးဘေးလုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းပြီး မြို့နယ်အတွင်း မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မီးသတ်စခန်းများတွင် ရေ ၊ ဆီ၊ စက်နှင့် လူအသင့်ဖြစ်စေရေးအတွက် မြို့နယ်မီးဘေး လုံခြုံရေးအဖွဲ့များမှ ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မီးသတ်စခန်းများကို ယခင်က မီးငြှိမ်းသတ်ရေး တစ်ခုတည်းကိုသာဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သော်လည်း နိုင်ငံတစ်ဝှမ်းလုံး မြို့/ရွာများ မီးဘေး လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန် နိုင်ငံတကာ မီးသတ် တပ်ဖွဲ့များနည်းတူ ရင်ဘောင်တန်းဆောင်ရွက်နိုင်ရန်နှင့် တိုးတက်ပြောင်းလဲ လာသည့် ခေတ်စနစ်နှင့် လျော်ညီမှုရှိစေရန် မီးသတ်စခန်းတစ်ခုတည်းတွင် မီးငြှိမ်းသတ်ရေးလုပ်ငန်း၊ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် ပြင်ဆင် ဖွဲ့စည်းမှုများ ဆောင်ရွက်ထားရှိခဲ့ပါကြောင်း၊
မီးသတ်ဦးစီးဌာန၏ ဖွဲ့စည်းပုံအရ တပ်ဖွဲ့အင်အားသည် ဖွဲ့စည်းပုံခွင့်ပြုအင်အား ၁၄၇၃၆ ဦးရှိပြီး ယခုအချိန်တွင် ဖွဲ့စည်းပုံ၏ ၃၂.၂ ရာခိုင်နှုန်းကို ခန့်အပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မီးသတ်ယာဉ် စက်များ ဖြည့်တင်းမှု အခြေအနေမှာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မတိုင်မီ တစ်နိုင်ငံလုံးအတွက် မီးသတ်ယာဉ်စုစုပေါင်း ၁၂၈၂ စီးရှိသော်လည်း ၂၀၁၁-၁၂ ခုမှ ၂၀၁၅-၁၆ ခုနှစ်ထိ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေယာဉ်၊ မီးသတ်စက်ယာဉ်၊ မီးသတ်အထောက်အကူပြုယာဉ် စုစုပေါင်း ၁၇၃၅ စီး ထပ်မံ ဖြည့်တင်းနိုင်ခဲ့ပြီး ယခုအခါ စုစုပေါင်း မီးသတ်ယာဉ် ၃၀၁၇ စီးဖြင့် တစ်နိုင်ငံလုံး ဖြန့်ခွဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် အရံမီးသတ်တပ်ဖွဲ့ဝင် ၂၈၁၂၅၇ ဦး၊ စက်ရုံ/အလုပ်ရုံ၊ လုပ်ငန်းဌာနများတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင် ၁၇၄၄၁ ဦး စည်းရုံးဖွဲ့စည်းထားရှိပြီး မြို့/ရွာ ရပ်ကွက် များ၏ မီးဘေးလုံခြုံရေးနှင့် မီးဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးလုံခြုံရေး စီမံချက် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသော မတော်တဆမှုဖြစ်စဉ်များ ဖြစ်ပွားလာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေးစီမံချက်တွေကို တိုင်းဒေသကြီး/ ပြည်နယ် ခရိုင်/မြို့နယ် အလိုက် နှစ်စဉ်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်နေဆဲဖြစ်သည့် အယ်လ်နီညို အကျိုးသက်ရောက်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သဘာဝ ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဦးစီးဌာနအနေဖြင့် အယ်လ်နီညိုတုံ့ပြန်ရေး စီမံချက်ကို တစ်နိုင်ငံလုံးစီမံချက်၊ တိုင်းဒေသ ကြီး/ပြည်နယ်/ခရိုင်/မြို့နယ်အလိုက် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
မီးဘေးလုံခြုံရေးစီမံချက်လုပ်ငန်းများကို (၁) ပြည်သူလူထုအသိပညာပေးခြင်းလုပ်ငန်း၊ ပြည်သူများ မီးဘေးအန္တရာယ်အကြောင်း သိရှိစေရန်၊ လေ့လာနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ပြည်လမ်းမှာ မီးသတ်သုတေသနဌာနနှင့် မီးဘေးလုံခြုံရေးအသိပညာပေးရေး ဌာန(Fire City Education and Research Centre) ကို ၂၀၁၃ ခုနှစ်၊ မေလ ၅ ရက်နေ့ စတင်ဖွင့်လှစ်ခဲ့ပြီး မီးဘေး လုံခြုံရေးဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာပညာရပ်များကို ပြည်သူလူထု၊ ဌာနဆိုင် ရာများ၊ ကုမ္ပဏီအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စက်ရုံ/ အလုပ်ရုံ/သိုလှောင်ရုံ၊ စက်သုံးဆီ အရောင်းဆိုင်များမှ မီးဘေးလုံခြုံရေးတာဝန်ခံများအဖြစ် မီးဘေး လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန် မီးဘေးလုံခြုံရေးတာဝန်ခံ Fire Safety Manager သင်တန်းကို အပတ်စဉ်တစ်ခုလျှင် သင်တန်းသား ၅၀ ဦးနှုန်းဖြင့် ၃၅ ကြိမ် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်၍လည်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန်အထိ စာသင်ကျောင်း အခြေပြု မီးဘေး လုံခြုံရေး အသိပညာပေးခြင်းကို ၁၅၉၆ ကြိမ်၊ ရပ်ကွက်/ကျေးရွာအခြေပြုမီးဘေး လုံခြုံရေး အသိပညာပေးခြင်းကို ၂၅၅၀ ကြိမ်နှင့် ရုံးဌာနအဖွဲ့အစည်းများမှာ မီးဘေးလုံခြုံရေးအသိပညာ ပေးခြင်းကို ၂၃၉၈ ကြိမ် ဆောင်ရွက်နိုင်ခဲ့သည့် အပြင် နိုင်ငံပိုင်သတင်းစာများ၊ ပုဂ္ဂလိကဂျာနယ်များ၊ သတင်းဌာနများမှာ အသိပညာပေးခြင်းဆောင်းပါးများ ထုတ်ပြန်ပေးခြင်း၊ ရုပ်သံလိုင်း၊ FM ရေဒီယို လိုင်းများမှ ပညာပေးဇာတ်လမ်း၊ ဗီဒီယိုများ၊ မီးဘေးလုံခြုံရေးအစီအစဉ်၊ မီးသတိမူရေးသီချင်းများ ထုတ်လွှင့်ဖော်ပြပေးလျက်ရှိပါကြောင်း၊
(၂) မီးဘေးလုံခြုံရေးစစ်ဆေးခြင်း။ မီးသတ်တပ်ဖွဲ့ဥပဒေ ပုဒ်မ ၁၇ အရ တိုးတက် ပြောင်းလဲလာသော ခေတ်စနစ်နှင့် တိုးတက်တည်ဆောက်လာသည့်အဆာက်အဦးများကို မီးဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် စစ်ဆေးခြင်း၊ အကြံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များသို့ လုပ်ပိုင်ခွင့်များ ခွဲဝေသတ်မှတ်ခဲ့ပြီး အထပ်မြင့်အဆောက်အဦ စစ်ဆေးအကြံပြုချက်များကိုလည်း ဆောင်ရွက်ခဲ့ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် Fire Safety Certificate တွေကိုလည်း ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအတွင်းရှိ လူနေထူထပ်သော နေရာများနှင့် စက်သုံးဆီ အရောင်းဆိုင်များကို မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။
(၃) ရေလုံလောက်စွာရရှိရေးစီမံမှု။ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် မီးငြှိမ်းသတ်ရေးအတွက် မီးသတ်ရေလုံလောက်စွာရရှိရန် မီးသတ်ရေကန်များတူးဖော်ခြင်း၊ ရေဖြည့် တင်းခြင်း၊ ရေရရှိနိုင်သောနေရာများ သတ်မှတ်ခြင်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၁၂၅၀ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူလူထုအတွင်း သောက်သုံးရေဖြန့်ဝေခြင်းကို ၈၇၂ ကြိမ် ရေဂါလန် ပေါင်း ၁၃ သန်းကျော် ဖြန့်ဝေပေးနိုင်ခဲ့ပါကြောင်း၊
(၄) သတင်းနှင့်နည်းပညာ စီမံဆောင်ရွက်ထားရှိမှု။ မီးသတ်ဦးစီးဌာန၏ မူဝါဒဖြစ်သော မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်နိုင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှာ Command and Control Center တစ်ခုကို တည်ဆောက်ထားရှိခြင်း၊ အဆိုပါ Command and Control Center တွင် မီးလောင်ပြင်ကွပ်ကွဲမှု စနစ်(Fire Services Operation Management System)၊ မီးသတ်ယာဉ်ထွက်ခွာရာလမ်းကြောင်း ပြစနစ်(Vehicle Tracking System)၊ မီးလောင်ပြင်တိုက်ရိုက်ကြည့်ရှုကွပ်ကဲမှုစနစ်(IP Camera System)၊ စောင့်ကြည့်မျှော်စင်စနစ်(e-Watching Tower System)တို့ကို တပ်ဆင်ထားရှိပြီး တိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်လျက် ရှိခြင်း၊ ယာဉ်ထွက်ခွာမှုစနစ်(Standard Operation Procedure)ကိုလည်း ဒေသအလိုက် ရေးဆွဲထား ရှိခြင်း၊ မီးလောင်မှုအရွယ် အစား၊ မီးဘေးစိုးရိမ်ရမှုအခြေအနေ၊ ရေရရှိနိုင်မှုအနေ အထားပေါ် မူတည်ပြီး ယာဉ်အုပ်စုများစုဖွဲ့ ငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့်အမျှ လူနေအဆောက်အဦများ၊ စီမံကိန်း၊ မြို့ကွက်အသစ်များ၊ လူ့အသုံးအဆောင်ပစ္စည်းများ များပြားလာခြင်း၊ အိုးအိမ်အဆောက်အဦများ နီးကပ်စွာ တည်ဆောက် လာခြင်း၊ မီးလောင်ပေါက်ကွဲစေတတ်သည့် ပစ္စည်း၊ လောင်စာများကို ရပ်ကွက်များအတွင်း တရားမဝင် သိုလှောင်ရောင်းချခြင်း၊ လမ်းများ ကျဉ်းမြောင်းခြင်းကြောင့် မီးသတ်ယာဉ်များ ဝင်/ထွက်သွားလာရန် ခက်ခဲခြင်း၊ လမ်းကြားမြေ(မီးတားကွက်)များအပေါ် လူနေ အဆောက်အဦများ ဆောက်လုပ်လာခြင်း၊ မီးငြှိမ်းသတ်ရန် ရေရမှုအစီအမံများ အားနည်းနေခြင်းတို့ကြောင့် မီးလောင်မှုဖြစ်ပွားပါက ဆုံးရှုံးမှုများ ပိုမိုဖြစ်ပွားလာကြောင်း သုံးသပ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မီးသတ်ဦးစီးဌာနအနေဖြင့် မီးလောင်မှုအများဆုံးဖြစ်ပွားခဲ့သည့် အကြောင်းအရင်းများကို မျက်ခြေမပြတ်ဆန်းစစ်ပြီး ပြည်သူလူထုအသိပညာပေး(Public Awareness) လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ မြို့ပြ/ကျေးလက်ဒေသ မီးဘေးလုံခြုံရေးလုပ်ငန်းတွေကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်ခြင်းလုပ်ငန်းများအပြင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင် ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
