(ခ)-မူးယစ်ဆေးဝါးထုတ်လုပ်သူနှင့်ထုတ်လုပ်ရာ စက်ရုံ၊အလုပ်ရုံတို့ကိုအဘယ်ကြောင့်ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်းမရှိပါသနည်း။ ၎င်းနေရာများသည် လက်နက်ကိုင်အဖွဲ့များစိုးမိုးထားသောနယ်မြေများ ၌ ရှိနေပါကချေမှုန်းနိုင်ရန်အစီစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၉.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

khin maung maungမြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးအန္တရာယ်ကို ကြီးမားစွာရင်ဆိုင်နေရပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂကြီး၏ ခန့်မှန်းချက်အရလည်း ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံဟုဖော်ပြ ထားပါကြောင်း၊ ခန့်မှန်ချက်အရ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် နာမည်ဆိုးမြင်‌့ ကျော်ကြားသည့် နိုင်ငံသူ/သားများ ကမ္ဘာ့အလယ်တွင် မျက်နှာငယ်သိက္ခာကျဆင်းလျက်ရှိပါကြောင်း၊ ပဏာမ ကြီးမားသော မူးယစ်ဆေးဝါးများကို အကြိမ်ကြိမ်ဖမ်းမိသော်လည်း ဖမ်းဆီးမှုများသည် ကိုယ်တိုင်ဖြန့်ချီ ရောင်းချ နေသူများကိုသာ အဓိကဖမ်းမိနေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အမြစ်ပျက်ချေမှုန်းရန်မဖြစ်နိုင်ပါ။ ကိုင်းဖျား၊ ကိုင်းနားခုတ်ပစ်ခြင်းသား ဖြစ်ပါကြောင်း၊ အဓိကထုတ်လုပ်နေသူများနှင်‌့ မူးယစ်ဆေးဝါး ထုတ်လုပ်ရန် စက်ရုံ၊ အလုပ်ရုံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ အဘယ်ကြောင့် အခြေခံကျသော မူးယစ်ဆေးဝါးထုတ်လုပ်သူနှင့် မူးယစ်ဆေးဝါးထုတ်လုပ်သူ စက်ရုံ၊ အလုပ်ရုံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိပါသနည်းနှင့် အကယ်၍ ထိုစက်ရုံအလုပ်ရုံများသည် လက်နက်ကိုင်အဖွဲ့များ စိုးမိုးရာနေရာများ၌ ရှိနေပါသည်ဟုဆိုလျှင် အမြစ်ပြတ်ချေမှုန်းနိုင်ရန် စီစဉ်ထားခြင်း ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeမူးယစ်ဆေးဝါးသည် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးတည်း၏ ပြဿနာမဟုတ်ဘဲ ကမ္ဘာ့လူသား အားလုံးအတွက် လူညွှန့်တုံစေနိုင်သော အန္တရာယ်ဖြစ်သည့်အတွက် မူးယစ်ဆေးဝါးပပျောက်ရေးကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေနှင့် ၂၇-၁-၁၉၉၃ ရက်နေ့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေကိုပြဋ္ဌာန်းပြီး ၁၇-၇-၁၉၉၅ ရက်နေ့တွင် နည်းဥပဒေကို ပြဋ္ဌာန်းထားရှိခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ စိစစ်ပြီး CEDDEC နှင့် ၉-၂-၁၉၇၆ ရက်နေ့တွင် စတင်ဖွဲ့စည်းပေးခဲ့ပြီး ၁၉၈၉၊ ၁၉၉၃၊ ၁၉၉၇၊ ၂၀၀၇ နှင့် ၂၀၁၁ ခုနှစ်တို့တွင် ၅ကြိမ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အနေဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံး အန္တရာယ်ပြုနေသည့် မူးယစ်ဆေးဝါးကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် မဟာဗျူဟာနှစ်ရပ်ဖြစ်သည့် (၁) မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ရန်၍  ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေး၊ (၂) နယ်စပ်ဒေသနှင်‌့ တိုင်းရင်းသား လူမျိုးများ၏ လူနေမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဘိန်းစိုက်ပျိုးမှု ပပျောက်စေရေးချမှတ်ခဲ့ပါကြောင်း၊ မဟာဗျူဟာ အကောင်အထည်ဖော်နိုင်ရန် နည်းဗျူဟာတစ်ရပ်ဖြစ်သည့် (၁) ထုတ်လုပ်မှုပပျောက်ရေး (၂) သုံးစွဲမှုပပျောက်ရေး (၃) တားဆီး နှိမ်နင်းရေးတို့ကို ချမှတ်ခဲ့ပါကြောင်း၊ နိုင်ငံတော်သည် မူးယစ်ဆေးဝါးကို အမျိုးသားရေးအန္တရာယ်အဖြစ် သတ်မှတ်၍ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် တိုက်ဖျက်နှိမ်နင်းရာတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးကို ပိုမိုထိရောက်စွာလုပ်ဆောင် နိုင်ရေးအတွက် ၁၂-၁၁-၂၀၁၁ ရက်နေ့တွင် အမိန့်ကြော်ငြာ စာအမှတ် ၁/၂၀၁၂ ဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး နှိမ်နင်းရေးဗဟိုအဖွဲ့အောက်တွင် တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့၊ အစားထိုးဖွံ့ဖြိုးမှု အကောင် အထည်ဖော်ရေးအဖွဲ့၊ သီးနှံများအစားထိုးစိုက်ပျိုးရေးအဖွဲ့၊ မွေးမြူရေးအဖွဲ့၊ ဆေးကုသရေးအဖွဲ့၊ ပြန်လည် ထူးထောင်ရေးအဖွဲ့၊ ကျောင်းသားလူငယ်များ အသိပညာပေးရေးအဖွဲ့၊ ပြည်သူများကို အသိပညာပေး လှုံ့ဆော်ရေးအဖွဲ့၊ နိုင်ငံတကာဆက်ဆံရေးအဖွဲ့၊ ထိန်းချုပ်ဓာတုဗေဒပစ္စည်းများအဖွဲ့နှင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် တားဆီး နှိမ်နင်းရေးလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်အတွက် ၁-၄-၁၉၉၂ ရက်နေ့တွင် မူးယစ်ဗဟိုနှင့် တားဆီးနှိမ်နင်းရေးဌာနကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စတင်ဖွဲ့စည်းခဲ့ပြီး ၂၂-၁-၁၉၉၈ ရက်နေ့တွင် မူးယစ်ဗဟိုနှင့် မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းများ ပြင်ဆင်ဖွဲ့စည်း၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ ၂၆ ဖွဲ့ကို တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၈-၈-၂၀၁၃ ရက်နေ့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အဖြစ် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခဲ့ပြီး တားဆီးနှိမ်နင်းရေး လုပ်ငန်းများအတွက် တပ်ဖွဲ့ခွဲ(၁)မန္တလေး၊ တပ်ဖွဲ့ခွဲ(၂) တောင်ကြီး၊ တပ်ဖွဲ့ခွဲ(၃) ရန်ကုန်နှင့် မူးယစ်တပ်ဖွဲ့စု ၅၀ နှင့် တိုးချဲ့ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ မူးယစ်ဆေးဝါး ပြဿနာများ လျော့နည်းကျဆင်းသွားစေရန် ပြည်ပနိုင်ငံများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့များနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၅ နှင်‌့ ဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့အဆင့်ဆင်‌့ကို တိုင်းဒေသကြီး/ပြည်နယ် အဆင်‌့မှ  ရပ်ကွက်/ကျေးရွာအုပ်စု အဆင်‌့အထိ ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များကို သတ်မှတ်ထားရှိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အတွင်း မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက် ပေးလျက်ရှိခြင်းဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သုံးစွဲမှုပြဿနာများ လျော့နည်းကျဆင်းသွားရေးကိုလည်း အလေးထားဆောင် ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများနှင်‌့ သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ဆက်ဆံရေးရုံး၊ Boder List Office များကိုလည်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ မြန်မာ-တရုတ်နယ်စပ်ဖြစ်သည့် လွယ်ကျယ်၊ ရွေးရွေရော၊ မူဆယ်နှင့် လောက်ကိုင်၊ မြန်မာ-လာအိုနယ်စပ်တွင် လွမ်ပုံနှင့် လွမ်းချင်၊ မြန်မာ- ထိုင်းနယ်စပ်တွင် တာချီလိတ်၊ မြဝတီနှင့်ကော့သောင်း စုစုပေါင်း(၉)ရုံးကို ဖွင်‌့လှစ်ထားရှိပြီး မူးယစ်ဆေးဝါး သတင်းဖလှယ်မှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်း/ပမှ NGO၊ INGO အဖွဲ့အစည်းများ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင်‌့ မှုခင်းဆိုင်ရာရုံး၊ UNODC အဖွဲ့များနှင့်လည်း ပူးပေါင်းပါဝင်ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကို ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အနေနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု ပပျောက်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း လုပ်ငန်းများကို အထူးစစ်ဆင်ရေး စီမံချက်များရေးဆွဲပြီး တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၃ ခုနှစ်မှစ၍ ကလေး၊ တမူးဒေသအတွင်း ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး စစ်ဆင်ရေး(၁)နှင့်(၂) များဖြင့် စစ်ဆင်ရေးကာလများဟု သတ်မှတ်ကာ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှု တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလိုဆောင်ရွက်မှုများကြောင့် နယ်မြေဒေသအလိုက် မူးယစ်ဆေးဝါးနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ထုတ်လုပ်သည့်နေရာများ၊ ဆက်စပ်ပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးပြားနှင့် စိတ်ကြွဆေးပြားများ၊ တရားခံများ ဖမ်းမိရမိခဲ့သည်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ပပျောက်ရေး ဆောင်ရွက်ရာတွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ လမ်းညွှန်ချက် UNODC Guide Line Principal နှင့်အညီ ဒေသခံများ၏ရေရှည် အကျိုးစီးပွားအတွက် အစားထိုးလုပ်ငန်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးခြင်းကို UNODC နှင့်ပူးပေါင်းပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုန်းမြို့နယ်နှင့် လွယ်လင်မြို့နယ်များတွင် အဆင့်မြင်‌့ကော်ဖီ ဟက်တာ (၄၀၀) စိုက်ပျိုးထားရှိပြီး ကော်ဖီစိုက်ပျိုးသူများ သမဝါယမအသင်း ထူထောင်၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်အတွင်းရှိ ကျေးရွာ (၅၆) ရွာတွင် ရေရှည်အကျိုးဖြစ်ထွန်းစေမည့် အစားထိုးစိုက်ပျိုးရေး လုပ်ငန်းများကိုလည်း ဘတ်ငွေသန်း ၃၅၀ ရင်းနှီးမတည်ပြီး ၆ နှစ်စီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စိတ်ကြွရူးသွပ် ဆေးပြားနှင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးအန္တရာယ် ကြီးထွားလာခဲ့ပြီး မိမိတို့နိုင်ငံအတွင်း မှာလည်း စိတ်ကြွရူးသွပ်ဆေးပြား ပြဿနာကို ရင်ဆိုင်ဖြေရှင်းရန်လည်းရှိပါကြောင်း၊ ထို့အပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ထုတ်လုပ်မှုပြဿနာသည် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသများတွင် အဓိကဖြစ်ပေါ်လျက်ရှိပါကြောင်း၊ နိုင်ငံတိုင်းတွင် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်သည့် လုပ်ငန်းအပေါ် တစ်နိုင်ငံချင်း သီးသန့်ဖြေရှင်း၍ရနိုင်သော ပြဿနာ မဟုတ်သည့်အတွက် အဆိုပါပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် မဲခေါင်ပေါင်းစပ်ညှိနှိုင်းရေး Save MaeKung Coordination Centre (၃)နှစ် စီမံကိန်းကိုလည်း ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ ရေးဆွဲထားရှိခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုဗေဒပစ္စည်းများ အများဆုံးဖမ်းဆီးရမိသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ကို စစ်ဆင်ရေး နယ်မြေများအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၉၆ ခုနှစ်မှစတင်၍ စိတ်ကြွရူးသွပ်ဆေးပြားနှင့် အခြားစိတ်ပြောင်းဆေးသစ်များ၏ ပြဿနာသည် ထပ်မံကြီးထွားလာသည့် အပြင် ဘိန်းစိုက်ပျိုးမှုပြဿနာသည် ၁၅ နှစ်စီမံကိန်း စတင်ခဲ့သည့် ၁၉၉၉ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ သိသိသာသာကျဆင်းခဲ့သော်လည်း ၂၀၀၇ ခုနှစ်မှစတင်၍ ပြန်လည်မြင်‌့တက်လာခြင်းကြောင့် မူးယစ်ဆေးဝါးပပျောက်ရေး ငါးနှစ် စီမံကိန်းကို ၂၀၁၄-၁၅ မှ ၂၀၁၈-၁၉ ခုနှစ်အထိ ထပ်မံရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေး ငါးနှစ်စီမံကိန်းကာလအတွင်း အဓိကအားဖြင့် ထုတ်လုပ်မှု လျော့ချနိုင်ရေးအတွက် ရှမ်းပြည်နယ်တွင်း ၄၀မြို့နယ်၊ ကချင်ပြည်နယ်တွင်း ခြောက်မြို့နယ်၊ ကရင်ပြည်နယ်အတွင်း သုံးမြို့နယ်၊ ချင်းပြည်နယ်အတွင်း နှစ်မြို့နယ် စုစုပေါင်း ၅၁ မြို့နယ်ကို ဦးစားပေးမြို့နယ်များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ် ဆေးဝါးဆိုင်ရာ ပြဿနာ၏ အဓိကအကြောင်းအရာများအနေဖြင့် နယ်စပ်ဒေသဖြစ်ခြင်း၊ တောထောင်ထူထပ်၍ လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်း၊ စီးပွားရေးတွက်ခြေကိုက်သည့် သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်သည့် ပတ်ဝန်းကျင်ကောင်းမရှိခြင်း၊ ထွက်ရှိသည့်သီးနှံများအတွက်လည်း ဒေသခံများအတွက် အလှမ်းဝေးခြင်း၊ ဒေသခံများအနေဖြင့် ဆင်းရဲမွဲတေခြင်းတို့ကြောင့် ဘိန်းစိုက်ပျိုးမှုသာမက မူးယစ်ဆေးဝါးနှင့် စိတ်ကြွ ရူးသွပ်ဆေးပြားများထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုများအတွက် အခြေအနေဖန်တီးပေးနိုင်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ထုတ်လုပ်သည့် လုပ်ငန်းများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လုံခြုံရေးအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးမှု အားနည်းသည့် နယ်စပ်ဒေသများကို အခြေပြုလုပ်ဆောင်ကြပြီး ထုတ်လုပ်မှုလုပ်ငန်းများအတွက် အခိုင်အမာအဆောက် အဦ ဆောက်လုပ်ရန် မလိုအပ်ဘဲ ယာယီတဲများ၊ လူနေအဆောက် အအုံများ၌ပင် အသေးစား၊ အပေါ့စား စက်ကိရိယာများဖြင့် အလွယ်တကူရွှေ့ပြောင်း လုပ်ဆောင်နိုင်ခြင်း၊ နေရာအတည်တကျမရှိဘဲ မကြာခဏလျှို့ဝှက်ရွှေ့ပြောင်းလုပ်ဆောင်ခြင်း၊ အချို့သောလက်နက် ကိုင်အဖွဲ့အစည်းများ၏ အကာအကွယ်များ ရယူ၍ ဒေသအတွင်း သတင်းအမှောင်ချ လုပ်ဆောင်ခြင်းတို့ကြောင့် မူးယ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ဆောင်သည့် တပ်ဖွဲ့များအတွက် လက်ရှိအခြေအနေတွင် သတင်းလက်ဦးမှု ရယူဖော်ထုတ် ချေမှုန်းနိုင်မှု အားနည်းချက်များဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးတွင် ဒေသခံပြည်သူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အားလုံးပူးပေါင်းဆောင်ရွက်မှုသည် အထူးပင်အရေးကြီး လိုအပ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသားအဖွဲ့ အစည်းများနှင့်လည်း သက်ဆိုင်ရာဒေသများနှင့် နိုင်ငံတစ်ဝှမ်း မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး လုပ်ငန်းစဉ်များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် မူးယစ်ဆေးဝါးအန္တရာယ် အမြစ်ပြတ်ချေမှုန်းနိုင်မှုကိုပါ အမျိုးသားရေး အသွင်ဖြင့် ဖော်ဆောင်လာနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။