(ခ)-မြင်းမူမြို့နယ်အတွင်းရှိ လက်ပံဆည်၏ ဆည်ရေသောက် ဧရိယာတွင်း ဆည်ရေ မရ ရှိခြင်းကြောင့် တောင်သူများအနေဖြင့် မြေယာ များနစ်နာဆုံးရှုံးရခြင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၆.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

soe san that tunစစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်းရှိ လက်ပံဆည်ကို ၂၀၀၄ ခုနှစ်တွင် တောချောင်းဦးကျေးရွာအနီး လက်ပံချောင်းအတွက် ကျပ်သန်းပေါင်း ၄၂၁.၉၆ သန်း ကုန်ကျခံ တည်ဆောက်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ရေဝပ်ဧရိယာ ၄၉၁၀ ဧကပေါ်ရှိ အလျားပေ ၄၀၀၀၊ အမြင့်ပေ ၉၀ ဖြင့် ဆည်ရေသောက်ဧရိယာ ၂၅၀၀ ဧကကို ရေပေးဝေ၍ သီးထပ်သီးညှပ်များ စိုက်ပျိုးပြီးဒေသတောင်သူများ သီးနှံအထွက်တိုးစေရန် ရည်ရွယ်တည်ဆောက်သည်ဟု သိရှိရပါ ကြောင်း၊ သို့ရာတွင် လက်ရှိအခြေအနေတွင် ဆည်ရေသောက် ဧရိယာဟာ ၃၅ ဧကနှင့် ၅၀ဧကအကြား ရေပေးဝေနိုင်ပြီး ကျန်ဧရိယာများအတွက် ဆည်ရေမရရှိဘဲ ဆည်ရေပို့လွှတ်ရန် ရည်ရွယ်ပြီး တူးမြောင်းထားသည့် မြောင်းများကြောင့် တောင်သူများ အနေဖြင့် မြေယာနစ်နာ ဆုံးရှုံးမှုရခြင်၊၊ စိုက်ပျိုးရေများလည်း မရ ရှိခြင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေများလည်း နစ်နာဆုံးရှုံးနေရခြင်းများကိုတွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ ပြည်သူနှင့်နိုင်ငံတော် ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးနေရခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် မည်သည်‌့အချိန်တွင် မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း၊ အကယ်၍ ဆောင် ရွက်ပေးနိုင်ခြင်းမရှိသေးပါကလည်း မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်းနှင့် နိုင်ငံ အတွင်း အလားတူဖြစ်ရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သို့ စီမံဆောင်ရွက်ရန် စီစဉ်ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuလက်ပံရေလှောင်တမံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ တောချောင်းဦးကျေးရွာ၏ မြောက်ဘက် တစ်မိုင်ခန့်အကွာ၊ လက်ပံချောင်းကို ၂၀၀၃-၂၀၀၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ လက်ပံရေလှောင်တမံ၏ မူလ ဆည်ရေသောက်ဧရိယာမှာ ၂၅၀၀ ဧက ဖြစ်ပါကြောင်း၊ စိစစ်ပြီးဆည်ရေသောက် ဧရိယာမှာ ၁၇၄၁ ဧကဖြစ်ပါကြောင်း၊ ကန်ရေပြည့်ရေလှောင်ပမာဏတွင် ၄၉၁၀ ဧကပေဖြစ်ပြီး နှစ် စဉ်ရေဝင်ရောက်မှု နည်းပါးသည့်အတွက် ကန်ရေပြည့်သိုလှောင်နိုခြင်း မရှိသည့်အပြင် ရေဝပ်ဧရိယာနှင့် တမံအောက်ခြေ၏ မြေအောက်ဘူမိဗေဒအခြေအနေအရ သဲဆန်သောမြေ အမျိုးအစားများ ဖြစ်သည့် အတွက် ရေယိုစိမ့်ခြင်း၊ အပူချိန်မြင့်မားသောဒေသဖြစ်၍ အငွေ့ပျံဆုံးရှုံးမှုများခြင်းတို့ကြောင့် တမံတွင်း ရေသိုလှောင် ထိန်းသိမ်းနိုင်မှုလျော့ကျ လျက်ရှိပါသည်။ ရေသိုလှောင်နိုင်မှုပမာဏ အပေါ်မူတည်ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း စိုက်ပျိုးနိုင်သော ဧရိယာဧယာ လျော့ကျခဲ့ပါကြောင်း၊ မိုးစပါး ၅၀ ဧကနှင့်အခြားသီးနှံ ၅၃ ဧက စုစုပေါင်း ၁၀၃ ဧက အများဆုံးရေပေးဝေ စိုက်ပျိုးနိုင်ခဲ့ပြီး တမံအနီးရှိ တောချောင်းဦးရွာအတွက်လည်း သောက်သုံးရေပေးဝေခြင်း လုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ နှစ်စဉ် အလိုက် ရေဝင်ရောက် မှု လျော့နည်းခြင်းတို့ကြောင့် စိစစ်ပြီး ဆည်ရေသောက်ဧရိယာအား ပြည့်ဝစွာရေပေးဝေနိုင်ခြင်းမရှိ သဖြင့် တည်ဆောက်ပြီးဖြစ်သော ဆည်ရေသောက်ရေပေးမြောင်းများလည်း တိမ်ကောပျက်စီးလျက်ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ဌာနအနေဖြင့် စိုက်ပျိုးရေပေးဝေလျက်ရှိသည့် အပိုင်းအတွက်ကို ရန်ပုံငွေတောင်းခံ၍ ထိန်းသိမ်းပြုပြင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်ဆက်တည်း မိမိတင်ပြလိုသည်မှာ နိုင်ငံအတွင်း စီမံခန့်ခွဲနေသော ဦးစီးဌာနအနေဖြင့် ရေလှောင်တမံ ၂၃၅ ခု၊ ရေလွှဲဆည် ၁၀၆ ခု၊ ကန်ပေါင်း ၇၁ ခုနှင့် ရေတံခါး ၆၉ ခု စုစုပေါင်း ၅၈၁ ခုကို စီမံခန့်ခွဲလျက်ရှိပါကြောင်း၊ အကျိုးပြုဆောင်ရွက်နိုင်ခဲ့သည့် ရည်ရွယ်ချက်မှာ စိုက်ပျိုးရေရ ရှိအောင် ဆောင်ရွက်ပေးခြင်း၊ ရေဘေး ကာကွယ်ပေးခြင်း၊ ရေအားလျှပ်စစ် အတွက် ဆောင်ရွက်ပေးခြင်းနှင့် သောက်သုံးရေ ရရှိရန် ဆောင်ရွက်ပေးခြင်းတို့ဖြစ်ပါ သည်။ ရေလှောင် တမံ ၂၃၅ ခုအနက်က ရေလှောင်တမံ ၁၉၀ ခုသာ ထိရောက်စွာဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး ကျန်ရှိသည့် ၄၅ ခုမှာ လုပ်ငန်းအတိုင်းအတာ မရှိဘဲ ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ မိုးရွာသွန်းမှု အခြေအနေ အရ ရေဝင်ရောက်မှုနည်းခြင်း၊ ရေဝင်ရောက်မှု မရှိခြင်းတို့ကြောင့် စိုက်ပျိုးရေပေးဝေနိုင်ခြင်းမရှိသည့် ရေလှောင်တမံစာရင်းကို ကြည့်မည်ဆိုပါက စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂)ခု၊ မကွေးတိုင်းဒေသကြီးမှာ (၂၄) ခု၊ မန္တလေးတိုင်းဒေသကြီးတွင် (၉)ခု ဖြစ်ပါကြောင်း၊ ရေစိမ့်ထွက်ခြင်းနှင့် သစ်တောထိန်းသိမ်းမှုအားနည်းသည့် ဆည်များမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၇)ခု၊ မကွေးတိုင်းဒေသကြီးတွင် (၂)ခုနှင့် ရှမ်းပြည်နယ်တို့တွင် (၁)ခု ဖြစ်ပါကြောင်း၊ မဆောင်ရွက်နိုင်သည့် အကြောင်းအရာမှာ တမံ၏ရေဝပ်ဧရိယာနှင့် တမံအောက်ခြေရှိ သဲဆန်သောမြေဖြစ်သည့်အတွက် ရေစိမ့်ထွက်ခြင်း၊ ရေဆင်းဧရိယာတွင် သစ်တောပြုန်းတီးခြင်း၊ မြေဆီလွှာတိုက်စားပြီး တမံအတွင်းသို့ သဲနုန်းများ ပို့ချနေခြင်းတို့ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ပြင်ဆင်ထိန်းသိမ်းသည့် လုပ်ငန်းများမှာ ဘိလပ်မြေ သရိုးမှုတ်ခြင်း၊ ရွှံ့စေးမြေသားဖြင့် ရေလုံအောင်ခင်းခြင်း၊ ပို့ချသဲနုန်းများကို တူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ဝန်ကြီးဌာနအနေဖြင့် တောင်သူများနစ်နာမှုအတွက် ဆောင်ရွက်ပေးနိုင်ရန် ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်း ခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်း ဥပဒေပြဋ္ဌာန်းပြီး နောက်ပိုင်း ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများမရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေပြီး ဖြစ်ပါကြောင်းနှင့် ဌာနမှထိန်းသိမ်းထားသည့် ရေလှောင်တမံများ ရေဝင်ရောက်မှု အပေါ် မူတည်ပြီး ဒေသ၏ စိုက်ပျိုးရေ၊ သောက်သုံးရေ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပြီး ရေဆုံးရှုံးမှုသက်သာ စေနိုင်တဲ့ ရေပေးဝေမှု ပိုမိုထိရောက်စေသည့်  ဆည်ရေသောက်စနစ်များ၊  ရေပေးမြောင်းများ၊ လိုင်နင်စီခြင်းအပါအဝင် တူးမြောင်းအဆောက်အဦများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ODA ချေးငွေဖြင်‌့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါဆည်များကဲ့သို့ အခြားဆည်များအတွက်လည်း ပြုပြင်ပေးနိုင်ရန် ရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် အခြေခံပြီး အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။