(က)-ပင်လည်ဘူးမြို့နယ်တွင် ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့သော လယ်ယာမြေ များအား(၂၀၁၂) ခုနှစ် လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ် ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ရရှိရေးကိစ္စနှင့် စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၆.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u min naungစစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် သစ်တောကြိုးဝိုင်း ၁၂ ခု၊ ကြိုးပြင်ကာကွယ်တော ၁၁ ခု၊ အဆိုပြုကာကွယ်တော ၁၀ ခုရှိပြီး စုစုပေါင်းဧရိယာ ဧက ၆၈၉၃၇၂ ဧက ရှိပါကြောင်း၊ သစ်တောဖုံးလွှမ်း ဧရိယာမှာ မြို့နယ်ဧရိယာ၏ ၈၄.၉ ရာခိုင်နှုန်း ဖုံးလွှမ်းနေပါကြောင်း၊ အထက်ဖော်ပြပါ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောရှိ တောင်သူဦးရေ ၂၄၀၉ ဦးတို့၏ လယ်ယာမြေ ၇၁၂၅ ဧကသည် ၎င်းတို့၏ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့ကြသော လယ်ယာမြေများဖြစ်ကြပြီး လယ်ယာလုပ်ငန်းတစ်ခုတည်းကိုသာ မှီခိုအသက်မွေး ဝမ်းကျောင်း ပြုနေကြပါကြောင်း၊ လယ်ယာမြေအချို့တွင် မြို့နယ်မြေစာရင်းဦးစီးဌာန၏ ၁၉၇၄-၁၉၇၅ ခုနှစ်၏ မူလတိုင်းကွင်းမြေပုံများရှိကြပြီး ၂၀၁၁ ခုနှစ်အထိ မြေခွန်၊ စည်းကြပ်ခွန်ဆောင်ခဲ့ကြပါကြောင်း၊ သစ်တောရေးရာ ဝန်ကြီးဌာန၏ ၃-၆-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၂၄/၂၀၁၁)အရ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၎င်း လယ်ယာမြေများကို ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောမှ ပယ်ဖျက်နိုင်ရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီမှ တစ်ဆင့် မြို့နယ်သစ်တောဦးစီးဌာနကို ဆက်သွယ်ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်ထိ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)မရရှိကြသေးပါကြောင်း၊ တောင်သူလယ်သမားများသည် မိုးဦးကျ လယ်ယာစိုက်ပျိုးချိန်တွင် ငွေကြေး မပြည်‌့စုံကြသည့် အတွက်ကြောင့် လယ်ယာမြေများကို ငှားရမ်းပေါင်နှံခြင်း၊ စိုက်ပျိုးစရိတ် ထုတ်ချေးခြင်းနှင့် ငွေကြေး အခက် အခဲကို ဖြေရှင်းဆောင်ရွက်ကြရပါကြောင်း၊ ပုံစံ(၇) လက်ဝယ်မရှိခြင်းကြောင့် အကျိုးခံစားခွင့်များ ဆုံးရှုံးနေကြရပါကြောင်း၊ ယခုကဲ့သို့ အလားတူကိစ္စ ရပ်များသည် အခြားမြို့များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဖြစ်ပျက်လျှက်ရှိပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေ လုပ်ပိုင်ခွင့် ခွင့်ပြု လက်မှတ်ကို သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြိုးဝိုင်းသတ်မှတ်ချက် ပယ်ဖျက်မိန့် ရရှိပြီးမှ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသောကြောင့် ဝန်ကြီးဌာနများအနေဖြင့် ဆက်စပ်ပူးပေါင်းပြီး ပုံစံ(၇)ရရှိရေးကို မည်သို့ဆောင်ရွက်ပေးမည်နည်းနှင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိရေး မည်သို့ဆောင် ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuပင်လည်ဘူးမြို့နယ်အတွင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် လယ်ယာမြေများကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ခဲ့ရာတွင် တောင်သူပေါင်း ၂၂၆၉၈ ဦး၊ ဦးပိုင်ပေါင်း ၂၈၇၃၇ ခု၊ ဧရိယာ ၆၃၄၄၈ ဧကကို လျာထားဆောင်ရွက် ခဲ့ပြီး မြေပြင်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ပါ ကြောင်း၊ ပင်လည်ဘူးမြို့နယ်အတွင်း ဘိုးဘွားစဉ်ဆက် စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောအတွင်းရှိ စိုက်ပျိုးမြေများကို သစ်တောရေးရာဝန်ကြီးဌာန၏ သစ်တောမြေအဖြစ်မှ လယ်ယာမြေအဖြစ် ပယ်ဖျက်ပေးခဲ့သည့် ဧရိယာ ၅၂၂ ဧကအတွက်လည်း လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ပင်လည်ဘူးမြို့နယ် အတွင်း တောင်သူပေါင်း ၂၂၉၃၉ ဦး၊ ဦးပိုင်ပေါင်း ၂၉၀၂၆ ခု၊ ဧရိယာ ၆၃၉၇၀ ဧကကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လယ်ယာမြေဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ(က)တွင် လယ်ယာမြေ၏ စကားရပ်အဓိပ္ပာယ်ကိုဖွင့် ဆိုထားပြီးလည်းဖြစ်ပါကြောင်း၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စီမံခန့်ခွဲသည့် သစ်တောကြိုးဝိုင်း/ကြိုးပြင် ကာကွယ် တောများ အဖြစ် သတ်မှတ်ထားသည့် မြေအမျိုးအစားတွင် စိုက်ပျိုးနေသည့်မြေများ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲနေသည့် စားကျက်ဧရိယာအဖြစ် သတ်မှတ် ထားသော မြေအမျိုးအစားတွင် စိုက်ပျိုးနေသည့် မြေများနှင့်စပ်လျဉ်းပြီး အဆိုပါမြေများကို လယ်ယာမြေဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် လယ်ယာမြေဟူသည့်စကားရပ်နှင့် အကျုံးဝင်ခြင်းမရှိသဖြင့် အဆိုပါမြေများကို လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာဝန်ကြီးဌာနမှ လယ်ယာမြေအဖြစ်အသုံးပြုရန် ပယ်ဖျက်ပေးမှသာလျှင် လယ်ယာမြေဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရရှိရေး ကိစ္စနှင့်ပတ်သက်ပြီး အဆိုပါမြေများသည် သစ်တောဧရိယာအတွင်း ပါဝင်နေကြောင်း သိရှိရပါသဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ သစ်တောမြေ အဖြစ်မှ ဦးစွာပယ်ဖျက်ရန် လျှောက်ထားပြီးနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လယ်ယာမြေ အဖြစ်သို့ ပြောင်းလဲ သတ်မှတ်ပေးပြီးဖြစ်ပါက လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။